သရုပ်ဆောင်၊ အဆိုတော်၊ Music ပရိုဂျူဆာ အလုပ်များအပြင် စာရေးတာကိုလည်း ဝါသနာပါတဲ့ ဇဏ်ခီက သူ့ရဲ့ ဒုတိယမြောက် စာအုပ် မကြာခင် ထွက်ရှိတော့မယ်လို့ သိရပါတယ်။
“ကျနော့်ရဲ့မကြာခင်မှာ ထွက်တော့မယ် “စံ” ဆိုတဲ့ စာအုပ်ထဲက စာစုတစုကို ဖတ်ပြချင်ပါတယ်။ အမြည်းသဘောပေါ့။ အဲ့စာစုရဲ့ ခေါင်းစဉ်ကတော့ စံလိုပါတယ်လို့ ပေးထားပါတယ်” လို့ ဇဏ်ခီက ပြောပါတယ်။
စာအုပ် နာမည်ကိုတော့ “စံ” လို့နာမည်ပေးထားပြီး စာအုပ်ထဲမှာပါရှိတဲ့ စာအချို့ကို သူက အမြည်းအနေနဲ့ ဖတ်ပြခဲ့ပါတယ်။
“သူငယ်ချင်းတယောက် အမြဲပြောတယ်။ ကောင်းတယ်၊ မကောင်းဘူးဆိုတာ လူတယောက်ချင်းနဲ့ အကြိုက်နဲ့လည်း ဆိုင်တယ်တဲ့။ ကျနော် လုံးဝ သဘောမတူဘူး။ စံလိုတယ်။ ဘယ်ထွက်ကုန်မဆို အဝတ်အစား၊ စားသောက်ကုန်၊ အနုပညာ စသဖြင့်ပေါ့။ ဘယ်ဟာက ဘယ်အဆင့်ရှိတယ်ဆိုတာကို သိဖို့ အရေးကြီးတယ်။ မသိဘူး။ သိဖို့ မကြိုးစားဘူးဆိုရင် ကိုယ့် Level ဘယ်မှာရှိနေလဲ ဆိုတာကို ကိုယ်မသိနိုင်သလို သူများတွေရဲ့ Level ရောက်အောင် ကြိုးစားဖို့လည်း မဖြစ်နိုင်ဘူး။ သူများရဲ့အောင်မြင်မှု၊ ကြိုးစားမှုကိုလည်း မြင်နိုင်မှာ မဟုတ်ဘူး”
“ဥပမာ ကိုယ်က အစားကောင်းအသောက်ကောင်း မကြိုက်ဘဲနဲ့ စားဖိုမှူးကောင်း ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ကိုယ်ကိုယ်တိုင်က သီချင်းကောင်းတွေ မကြိုက်ဘဲနဲ့ သီချင်းရေးဆရာကောင်း ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ကိုယ်တိုင်က ရုပ်ရှင်ကောင်းတွေ မကြိုက်ဘဲနဲ့ မလေ့လာဘဲနဲ့ Film Maker ကောင်း မဖြစ်လာနိုင်ဘူး။ ဒါပေမဲ့ ဘယ်ဟာက ကောင်းလဲဆိုတာ ဘယ်လိုသိနိုင်မလဲ” လို့ ဇဏ်ခီက ဖတ်ပြခဲ့ပါတယ်။
အခုလို စာတွေ ရေးသားပြီး သူ့ရဲ့အတွေးအမြင်များကို စာဖတ် ပရိသတ်နဲ့ ဝေမျှခွင့်ရတာကို ဝမ်းသာမိပြီး “စံ” စာအုပ်ကိုတော့ ဒီဇင်ဘာ ၉ ရက်နေ့စတင်ကာ ကြိုတင်မှာယူလို့ရပြီလို့လည်း သိရပါတယ်။
“ကျနော့်ရဲ့အတွေးအမြင်လေးတွေကို စာဖတ် ပရိသတ်နဲ့ ဝေမျှခွင့်ရတာ ဝမ်းသာမိပါတယ်။ အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီစာအုပ်လေးကတော့ ဇလပ်နီ စာပေကနေ ဒီဇင်ဘာ ၉ ရက်နေ့ဆို Pre Order တင်လို့ရပါပြီ။ အားပေးသူတွေကို ကျေးဇူးတင်တဲ့အကြောင်း အထူးတလည် ပြောချင်ပါတယ်။ နောက်ပြီးတော့ ကိုဗစ်ကာလမှာ လုံလုံခြုံခြုံနဲ့ ဆက်ပြီးတော့ နေကြပါလို့ တိုက်တွန်းပါတယ်။ မေတ္တာလည်း ပို့ပါတယ်။ ကျန်းမာပါစေ” လို့ ဇဏ်ခီက ပြောပါတယ်။
ဇဏ်ခီကတော့ ယခုနှစ်အတွင်းမှာပဲ သူ့ရဲ့ ပထမဆုံး အက်ဆေးစာအုပ်ဖြစ်တဲ့ “ ကိုယ်တိုင်သိရှိသွားမှု” ကို ထုတ်ဝေဖြန့်ချိခဲ့ပါတယ်။ ဒီစာအုပ်ဟာဆိုရင်လည်း ၇ ကြိမ်ထက်မနည်း ပုံနှိပ် ထုတ်ဝေနိုင်ခဲ့ပါတယ်။
You may also like these stories:
Asian Academy Creative Awards ပွဲမှာ “လိပ်ပြာ”စီးရီး အကောင်းဆုံး ဇာတ်ဝင်တေးဆု ရရှိ
အခက်အခဲဖြစ်နေတဲ့ လူရွှင်တော်တွေကို ကူညီမယ့် ဒါရိုက်တာ ပြည်ဟိန်းသီဟ
လူရွှင်တော် မိုးဒီနဲ့ ဧရာ နှစ်ဦးစလုံး ကျန်းမာရေး ကောင်းမွန်ကြောင်း သိရ