MRTV Entertainment ပြသခဲ့တဲ့ ဖြစ်ရပ်မှန် “ဒုလ္လဘကိုယ်တော်” ရုပ်သံဇာတ်လမ်းကို ကိုယ်တိုင် ဒါရိုက်တာ အနေနဲ့ ရိုက်ကူးပုံဖော်ထားပြီး ရဟန်းတပါး အနေနဲ့ ပါဝင် သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် မင်းတော်ဝင်က ဇာတ်ကားအကြောင်း အခုလိုပဲ ပြောပါတယ်။
“ကျနော်ရဲ့ ကားကို ယုံကြည်ပြီးကြည့်ပေးလို့ ကျေးဇူးတင်ပါတယ်။ ဒီကားလေးကို ကြည့်လိုက်ပြီး ရုံကြီးကားလားလို့ ပြောရင်ကို ကျနော် ပီတိတွေ ဖြစ်ခဲ့ရတယ်။ ပရိသတ်တွေက အကြံပေးကြတာတွေလည်း ရှိတယ်။ ဝေဖန်တာတွေလည်း ရှိတယ်။ ရာခိုင်နှုန်းများများ အကောင်းဘက်ကို ပြောကြတာတွေ့ရလို့ ဝမ်းသာရပါတယ်။ ကျနော်က ဇာတ်ရော၊ ဒါရိုက်တာပိုင်းအပြင် သရုပ်ဆောင်လည်း လုပ်ထားတယ်”လို့ မင်းတော်ဝင်က ပြောပါတယ်။
ဒီဇာတ်လမ်းမှာ အစ်ကိုဖြစ်သူ သရုပ်ဆောင် ထူးခြား ပါဝင် ရိုက်ကူးပေးထားပြီး Pre-Production အပိုင်းမှာလည်း ဒေသခံ ရွာသူရွာသားတွေက ဝိုင်းဝန်းကူညီပေးကြတယ်လို့ ဆိုပါတယ်။
“ပင်ပန်းတာပေါ့။ အဲ့လို ပင်ပန်းပုံဖြစ်ရမှာဆိုတော့ ဇာတ်ကိုလည်း အထောက်အကူ ပြုတယ်။ ကိုထူးခြားကလည်း ပါဝင်ရိုက်ပေးတာ ရှိတယ်။ ပြင်ဆင်ချိန် ရတယ်။ Pre-Production အပိုင်းလည်း လုပ်ဆောင်ခွင့် ရတယ်။ ဆရာတော် အဖွဲ့တွေ၊ ရွာသူရွာသားတွေပါ စိတ်အားထက်သန်စွာ ကူညီပေးကြတယ်”လို့မင်းတော်ဝင်က ပြောပါတယ်။
ရိုက်ကူးချိန် အမှတ်တရတွေနဲ့ အခက်အခဲများအကြောင်းကိုလည်း အခုလိုပဲ ဆိုပါတယ်။
“အချိန်လေးတခုပဲ သတ်မှတ်ထားတဲ့အချိန်မှာ ပြီးအောင် ရိုက်ရတဲ့ အခက်အခဲတွေတော့ ရှိတယ်။ အမှတ်တရတွေလည်း ပျော်စရာကောင်းတဲ့ အမှတ်တရတွေက များပါတယ်။ ဒီဇာတ်ကားရိုက်ချိန် အမှတ်တရအနေနဲ့ ဒီကားမရိုက်ခင် ကျနော့်မှာ တော်တော်လေးကို ပြင်ဆင်ရတယ်။ ဒီကိုယ်တော်ရဲ့ အသက်ကလည်း နဂိုကတည်းက ၄၅ နှစ်အရွယ် ရှိတယ်။ ဆရာတော်က ပျံလွန်တော်မူသွားပြီ။ တကယ့် ဖြစ်ရပ်မှန် ဇာတ်ဖြစ်လို့ ကျနော်က စစ်ကိုင်းက ကျောင်းတိုက်အထိ သွားတယ်”
“လွန်ခဲ့တဲ့ နှစ် ၂၀ က စစ်ကိုင်းချောင်မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်၊ ဒီကိုယ်တော်နဲ့အတူ ရှိတဲ့ ကိုယ်တော်တပါးကတော့ ကျောင်းထိုင်ဆရာတော် ဖြစ်နေပြီ။ အကုန်လုံးကို ဒီကိုယ်တော်က အကုန် ကြုံတွေ့ခဲ့တယ်။ ကျောင်းထိုင်ကို ကိုယ်တိုင် သွားမေး၊ လေ့လာပြီးမှ မရိုက်ခင် ပြင်ဆင်ခဲ့ရပါတယ်။ မိုးတွင်းကြီး ရိုက်တာမို့ မိုးတွေ တားရိုက်ခဲ့တာပါ။ တကယ်လည်း အဆင်ပြေခဲ့ပါတယ်။ အဓိက တီချယ် ဒေါ်မြင့်မြင်ခိုင် (ခ) အကယ်ဒမီ မြင့်မြင့်ခိုင် ညွှန်ကြားမှုအောက်မှာ သေချာ လုပ်ဆောင်တယ်”လို့ မင်းတော်ဝင်က ပြောပါတယ်။
“ဒုလ္လဘကိုယ်တော်” ဇာတ်ကားကနေ ပရိသတ်ထံ ပေးချင်တဲ့ Message ကိုလည်း အခုလိုပဲ ဆိုပါတယ်။
“ဒီဇာတ်ကားက ပရိသတ်ကို ပေးချင်တဲ့ Message ကတော့ ဘယ်ဘာသာမဆို မေတ္တာက ကြီးမားတယ်။ မမြင်ရတဲ့ နာနာဘာဝတွေ သရဲ တစ္ဆေတွေနဲ့ လူသားတွေကြားမှာ ထားရမယ့် စည်းလေးတွေ၊ စောင့်ထိန်းရမယ့် အရာတွေကို လူတွေကို သိစေချင်တယ်။ မေတ္တာတရားက အရာရာကို အောင်နိုင်စေတယ်။ တချို့သံယောဇဉ်က လူတွေကို ပူလောင်စေတဲ့ အကြောင်းတွေကို ဖော်ညွှန်းထားတာပါ”လို့ မင်းတော်ဝင်က ပြောပါတယ်။
“ဒုလ္လဘကိုယ်တော်” ရုပ်သံဇာတ်လမ်းကို ဇာတ်လမ်း၊ ဇာတ်ညွှန်း မင်းတော်ဝင်၊ ဒါရိုက်တာ အနေနဲ့ ထူးခြားနဲ့ မင်းတော်ဝင်၊ အနုပညာ အကြံပေးအဖြစ် အကယ်ဒမီ မြင့်မြင့်ခိုင်တို့ ပါဝင်ပြီး မင်းတော်ဝင်၊ ထူးခြားနဲ့ ခိုင်နှင်းဝေတို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။
ဒီဇာတ်လမ်းကို နိုဝင်ဘာလ ၂၉ ရက်နေ့က MRTV Entertainment ရုပ်သံလိုင်းမှာ ပြသခဲ့ပြီး ဒီဇင်ဘာ ၆ ရက်နေ့မှာလည်း ထပ်မံ ပြသခဲ့ပါတယ်။
You may also like these stories:
ဒုတိယမြောက် စာအုပ် ထွက်ရှိတော့မယ့် ဇဏ်ခီ
ကပ်ရောဂါကြောင့် ထိခိုက်ခဲ့တဲ့ ကိုရီးယားရုပ်ရှင်ရုံတွေမှာ ရုပ်သံစီးရီးတွေ ပြသ
အခက်အခဲဖြစ်နေတဲ့ လူရွှင်တော်တွေကို ကူညီမယ့် ဒါရိုက်တာ ပြည်ဟိန်းသီဟ