အဆိုတော် ဂျက်မြသောင်းရဲ့ တကိုယ်တော် Online Live Performance ကို ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
“အရင်တုန်းကဆို ကျနော်တို့ စတိတ်ရှိုးလုပ်ရင် ပရိသတ်တွေက လိုက်ဆိုကြတယ်။ လက်ခုပ်တီးကြတယ်။ သိပ်ပျော်စရာကောင်းတာပဲ။ အခုကျတော့ ပရိသတ် မပါဘဲ ကျနော်တို့ ဆိုရမယ်။ အားတော့ မငယ်ပါဘူး။ ကျနော်က ပရိသတ်ကို ဆိုပြချင်တာကိုး။ ကျနော့်ရှေ့မှာ ပရိသတ်တယောက် ရှိလည်း ကျနော် ကျေနပ်တယ်။ တသိန်းရှိလည်း ကျေနပ်တယ်။ တနိုင်ငံလုံးရှိရင်တော့ ပိုကျေနပ်တာပေါ့ဗျာ”လို့ ဂျက်မြသောင်းက ပြောပါတယ်။
အဆိုပါပွဲကိုတော့ ဒီဇင်ဘာ ၁၂ ရက်နေ့ ည ၇ နာရီမှာ ပြုလုပ်သွားမှာဖြစ်ပြီး တေးသီချင်း ၁၉ ပုဒ်နဲ့ ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။
ဂျက်မြသောင်းရဲ့ “အသက်ရှူနေသမျှ ချစ်ပါရစေ” Online Live Performance မှာတော့ ဂျက်မြသောင်းရဲ့သီချင်းအသစ် “အသက်ရှူနေသမျှ ချစ်ပါရစေ” သီချင်းအပြင် တခေတ်တခါက ပရိသတ်တွေကြားရေပန်းစားခဲ့တဲ့ သီချင်းများစွာကို ပြန်လည် ခံစားရမှာ ဖြစ်ပါတယ်။
“ဂျက်မြသောင်းကို ဒီနေ့အချိန်ထိ ချစ်ခင်အားပေးနေကြတဲ့ ပရိသတ် အယောက်စီတိုင်းကို ကျန်းမာပျော်ရွှင်ကြပါစေကြောင်း မေတ္တာပို့ နှုတ်ဆက်လိုက်ပါတယ် ခင်ဗျာ” လို့ ဂျက်မြသောင်းက ဆိုပါတယ်။
ဒီပွဲကို လွန်ခဲ့တဲ့ ၅နှစ်လောက်ကတည်းက လုပ်ဖို့အတွက် စီစဉ်ခဲ့ပေမယ့် မလုပ်ဖြစ်ခဲ့ဘဲ အကြောင်းအမျိုးမျိုးကြောင့် ပျက်ခဲ့ရတယ်လို့ သိရပါတယ်။ တီးဝိုင်းအနေနဲ့လည်း ဂျက်မြသောင်းနဲ့ သူငယ်ချင်းတွေ ဖွဲ့စည်းထားတဲ့ 747 Band နဲ့ တီးခတ် ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။
“ကျနော့်သီချင်းကြောင့် ပရိသတ်တွေရင်ထဲ ကြည်နူးခြင်း တစုံတရာ ရရှိသွားမယ်ဆိုရင် ကျနော့်လောက် ပျော်ရွှင်မယ့်သူ လောကကြီးမှာ ရှိပါဦးမလား” လို့ ဂျက်မြသောင်းက ပြောပါတယ်။
အဆိုပါ Online Live Performance ကိုတော့ Channel 9 ရုပ်သံလိုင်းမှာ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်သွားမှာဖြစ်သလို Mytel Myanmar Facebook Page, Channel 9 Facebook Page အစရှိတဲ့ Facebook Page များမှာလည်း ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
You may also like these stories:
“ဒုလ္လဘကိုယ်တော်” ရုပ်သံဇာတ်လမ်းအကြောင်း ပြောပြတဲ့ မင်းတော်ဝင်
ဒုတိယမြောက် စာအုပ် ထွက်ရှိတော့မယ့် ဇဏ်ခီ
ကပ်ရောဂါကြောင့် ထိခိုက်ခဲ့တဲ့ ကိုရီးယားရုပ်ရှင်ရုံတွေမှာ ရုပ်သံစီးရီးတွေ ပြသ