ဟာသသရုပ်ဆောင်၊ လူရွှင်တော် ငြိမ်းချမ်းဟာ မျက်နှာ ညာဘက် မျက်လုံးနှင့် ပါးစပ်တခြမ်း လေဖြန်းသွားတာကြောင့် နေအိမ်မှာ မြန်မာဆရာ၊ အင်္ဂလိပ်ဆရာဝန်တို့နဲ့ ပြနေရတယ်လို့ ဆိုပါတယ်။
“လက်ရှိ ကျနော် ဆေးထိုး ဆေးသောက် လုပ်နေပါတယ်။ မြန်မာဆရာရော၊ အင်္ဂလိပ်ဆရာဝန်နဲ့ပါ နှစ်ဖက်ညှပ်ပြီး ဆေးကုနေပါတယ်။ မနက်စောစော ရေချိုးတတ်တဲ့ အကျင့်ကလည်း ရှိတော့လေ။ ရေချိုးပြီးတော့ ဖြစ်သွားတာ”လို့ ငြိမ်းချမ်းက ပြောပါတယ်။
ငြိမ်းချမ်းကတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရွှေတိဂုံဘုရား သွားဖူးချင်တာကြောင့် သန့်ရှင်းအောင် ရေချိုးမိပြီး ရေချိုးမှားရာကနေ စဖြစ်ခဲ့တာလို့ ဆိုပါတယ်။
“တနင်္ဂနွေနေ့ လပြည့်နေ့တုန်းက ရွှေတိဂုံဘုရားကို သွားဖူးချင်တာနဲ့ သန့်ရှင်းအောင် ရေချိုးလိုက်မိတယ်။ နောက် ဘုန်းကြီးကျောင်း တကျောင်းအတွက် ကထိန်ခင်းလိုက်သေးတယ်။ ညနေပိုင်းလောက်မှာ အိမ်ပြန်ရောက်တော့ ပါးစပ်တခြမ်းက စကားပြောရတာ တမျိုးကြီးပဲပေါ့။ ညာဘက်မျက်လုံးနဲ့ ပါးစပ်နဲ့ ပါသွားတာပါ”လို့ ငြိမ်းချမ်းက ပြောပါတယ်။
ပရိသတ်တွေက စိတ်ပူပေးကြတဲ့အပေါ်လည်း ကျေးဇူးတင်တယ်လို့ ငြိမ်းချမ်းက ဆိုပါတယ်။
“ပရိသတ်တွေကို ပြောချင်တာက ကျနော် အရမ်း ဆိုးဆိုးဝါးဝါး မဖြစ်ပါဘူး။ ပြန်ကောင်းလာမယ် ထင်ပါတယ်။ စိတ်ပူပေးကြ၊ ကူညီပေးကြလို့လည်း ကျေးဇူးတင်ပါတယ်။ အခုက အိမ်မှာပါပဲ။ မျက်နှာ တခြမ်း လေဖြတ်သွားပေမယ့် နောက်တခြမ်းနဲ့တော့ စကားပြောလို့ ရပါသေးတယ်”လို့ ငြိမ်းချမ်းက ပြောပါတယ်။
ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်တဲ့ ဟာသသရုပ်ဆောင်၊ လူရွှင်တော် ငြိမ်းချမ်းရဲ့ အနုပညာသက်တမ်းကတော့ နှစ် ၃၀ ကျော်ပြီ ဖြစ်ပါတယ်။
You may also like these stories:
တချိန်က ပရိသတ် အားပေးခံရတဲ့ ရွှေညီကို လူရွှင်တော်တွေ ဘာလုပ်နေကြလဲ
လူရွှင်တော် မိုးဒီနဲ့ ဧရာ နှစ်ဦးစလုံး ကျန်းမာရေး ကောင်းမွန်ကြောင်း သိရ
ဖခင် မိုးဒီရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေကို ပြောပြတဲ့ ကောင်းစံ