မကြာခင် ၂၀၂၀ ပြည့်နှစ်ကို ကုန်ဆုံးပြီး ၂၀၂၁ ခုနှစ်ထဲကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်အတွင်းမှာ ကမ္ဘာသိ ဖြစ်ရပ်များစွာ ဖြစ်ပေါ်ခဲ့သလို နာမည်ကျော် လူမှုကွန်ရက် မီဒီယာဖြစ်တဲ့ Twitter ပေါ်မှာလည်း လွှမ်းမိုးခြယ်လှယ်မှုတွေ ဖြစ်ထွန်းခဲ့ပါတယ်။
အဲ့ဒီအထဲကမှ ထင်ရှားတာတွေကို ဖော်ပြပါဆိုရင်တော့ Black Panther မင်းသား Chadwick Boseman ကွယ်လွန်ခဲ့ပြီဆိုတဲ့ သတင်း ကြေညာချက်ဟာ ၂၀၂၀ ပြည့်နှစ်အတွင်း Twitter ပေါ်မှာ ဝေမျှမှုအများဆုံးနဲ့ Like ရရှိမှုအများဆုံး ဖြစ်တယ်လို့ အဲ့ဒီ လူမှုကွန်ရက် မီဒီယာ ကုမ္ပဏီက ဒီဇင်ဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

သြဂုတ်လ ၂၈ ရက်နေ့မှာ မင်းသား Boseman ဟာ အူမကြီးကင်ဆာနဲ့ အသက် ၄၃ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပြီဖြစ်တဲ့အကြောင်း ဖော်ပြထားတဲ့ မင်းသားရဲ့ မိသားစုတင်ခဲ့တဲ့ ပို့စ်ကတော့ Like အရေအတွက် ၇ ဒသမ ၆ သန်း ကျော်ရရှိခဲ့တယ်လို့ ၂၀၂၀ အတွင်း မျှဝေမှု အများဆုံး ဖြစ်ရပ်များဆိုင်ရာ အချက်အလက် ထုတ်ပြန်မှုမှာ Twitter က ဖော်ပြထားပါတယ်။

ကမ္ဘာသိ Twitter ကို အသုံးပြုသူ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကတော့ ၂၀၂၀ ပြည့်နှစ်အတွင်း ကမ္ဘာတဝန်း ပို့စ်အတင်ခံရမှု အများဆုံးဖြစ်ခဲ့ပြီး သူ့နောက်မှာတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့သူ ဂျိုးဘိုင်ဒန် ရှိနေပါတယ်။

နာမည်ကျော် K-pop အဖွဲ့တဖွဲ့ ဖြစ်တဲ့ BTS ကတော့ အမေရိကန်နိုင်ငံအတွင်း ဂီတပညာရှင်တွေနဲ့ပတ်သက်လို့ ပို့စ် တင်ကြတဲ့အထဲမှာ ထိပ်ဆုံးနံပါတ် ၁ အဖြစ် ၄ နှစ်ဆက်တိုက် ရပ်တည်နေတာကိုလည်း တွေ့ရပါတယ်။ အဲ့ဒီတောင်ကိုရီးယား ဂီတအဖွဲ့ဟာ အမေရိကန် Single သီချင်းဂီတဇယားတွေမှာ မှတ်တိုင်သစ်တွေ စိုက်ထူနိုင်ခဲ့သလို ဆုပေးပွဲတွေမှာလည်း အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။
အခုနှစ် ဇန်နဝါရီလတုန်းက ရဟတ်ယာဉ်ပျက်ကျမှုမှာ နာမည်ကျော် ဘတ်စ်ကတ်ဘောကစားသမား Kobe Bryant ကွယ်လွန်ခဲ့ပြီးနောက် သူ့ကို ဂန္တဝင်လူသားအဖြစ် အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားက ဂုဏ်ပြုခဲ့တဲ့ ပို့စ်ကတော့ Like ရရှိမှုနဲ့ ပြန်လည် ဝေမျှခံရမှုနေရာမှာ ဒုတိယ လိုက်ပါတယ်။
ပြီးခဲ့တဲ့ မေလတုန်းက Minneapolis မြို့မှာ လူဖြူရဲအရာရှိတဦးကြောင့် လူမည်းအမျိုးသား George Floyd သေဆုံးခဲ့ရပြီးတဲ့ကြောင့် လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ကြတဲ့ ကမ္ဘာတဝန်းက ဆန္ဒပြမှုတွေကတော့ ၂၀၂၀ ပြည့်နှစ်အတွင်း ကမ္ဘာပေါ်မှာ လူတဦးတယောက်အကြောင်း ပို့စ်တင်ကြတဲ့အထဲ တတိယမြောက် အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
#BlackLivesMatter ဆိုတဲ့ hashtag ဟာ #COVID19 ပြီးရင် ဒုတိယမြောက် လူသိအများဆုံးဖြစ်တယ်လို့ Twitter က ဆိုပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက အမေရိကန် သမ္မတအဖြစ် ရွေးကောက်ခံခဲ့ပြီး စိတ်ကျန်းမာရေးဆိုင်ရာ စိုးရိမ်ရမှုတွေ ရှိခဲ့တဲ့ Rap အဆိုတော် Kanye West ကတော့ ဂီတပညာရှင်တွေထဲ ဒုတိယမြောက် လူသိအများဆုံးနေရာမှာ ရှိခဲ့တယ်လို့် Twitter က ဖော်ပြထားပါတယ်။
Ref:Reuters