ဇာတ်ပို့ သရုပ်ဆောင် မင်းညီရဲ့ သမီးလေးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက မျက်နှာကျက်ပေါ်က ပြုတ်ကျတာကြောင့် ဆေးရုံတက်နေရပေမယ့် အသက်အန္တရာယ် မစိုးရိမ်ရတော့ဘူးလို့ သိရပါတယ်။
“သမီးလေးက အခုတော့ စောင့်ကြည့်တဲ့ အခြေအနေကနေ နည်းနည်း ကျော်လာပြီပေါ့နော်။ မနေ့ကထိတော့ နည်းနည်း စိုးရိမ်ရတယ်။ ဦးနှောက် သွေးခဲတာတော့ မရှိဘူး။ သမီးက ကြောင်ချစ်တတ်တော့ တနေ့က သူ့ကြောင်တွေကို အပြင်ထုတ်ထားတာ။ ကြောင်က မျက်နှာကျက်ထဲ ဝင်နေတာကို မိဘတွေ မသိအောင် ရေချိုးခန်းကနေ တက်ပြီး ကြောင်ဆီ ခိုးသွားတာ မျက်နှာကျက် ကျွံကျတာပါ”
“အသက်အန္တရာယ် စိုးရိမ်စရာ မရှိတော့ပေမယ့် အမြင့်ကကျတဲ့ အရှိန်ကြောင့် ဦးနှောက် လှုပ်သွားလို့ အခုတော့ ဦးနှောက်က ပုံမှန်ဖြစ်ဖို့ မမူးဖို့အတွက်တော့ စောင့်ကြည့်နေရတယ်။ ဖြစ်ဖြစ်ချင်း ပြည်သူ + လူရွှင်တော် ကိုမျိုးထွန်းတို့က ကျနော်နဲ့ ရင်းနှီးတော့ ကလေး သတိမရလို့ အကြောင်းကြားလိုက်တာ။ သူတို့ လာကူညီပေးတယ်။ အစအဆုံး သေသေချာချာလေး ကူညီပေးလို့လည်း ကျေးဇူးတင်ရပါတယ်” လို့ မင်းညီက ပြောပါတယ်။
သမီးလေးကို စိတ်ပူပေးကြလို့လည်း ကျေးဇူးတင်တယ်လို့ မင်းညီက ဆိုပါတယ်။

“သမီးက အခု ရန်ကုန်ဆေးရုံကြီး ဦးနှောက်နဲ့ အာရုံကြောမှာပါ။ အခု ကိုဗစ်ကာလ ဖြစ်နေတော့ ၂၄ နာရီလည်း ကျော်သွားတော့ သိပ်ဆိုးဆိုးဝါးဝါး မရှိတော့ဘူးဆိုတော့ ဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ပြီးတော့ အိမ်မှာ အခန်းတခန်းလုပ်ပြီး Nurse နဲ့ ထားဖို့တော့ လုပ်ထားပါတယ်”
“ကျနော့်ကို ချစ်တဲ့သူတွေ အဲ့လောက် ရှိမှန်းတောင် မသိဘူး။ သမီးလေးဖြစ်တော့ စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ်။ ကျနော့် သားသမီးတွေကိုလည်း ချစ်ပေးကြလို့ သူတို့ အနာဂတ်အတွက် ကျေးဇူးတင်ရပါတယ်။ ဒီထက်လည်း ချစ်ပေးကြပါ”လို့ မင်းညီက ဆိုပါတယ်။
သရုပ်ဆောင်၊ ဒါရိုက်တာတဦး ဖြစ်တဲ့ မင်းညီကတော့ ဇာတ်ကားတွေ များစွာမှာ ဇာတ်ပို့သရုပ်ဆောင် အနေနဲ့ ပါဝင်သရုပ်ဆောင်သူ ဖြစ်ပါတယ်။