နာမည်ကျော် ဟောလိဝုဒ် မင်းသား George Clooney ဟာ သူ့ရဲ့ ရုပ်ရှင်အသစ် “The Midnight Sky” အတွက် ပေါင် ၃၀ ချခဲ့ပြီးတဲ့နောက် ပန်ကရိယ ရောင်ရမ်းမှုကြောင့် ဆေးရုံတက်ခဲ့ရတယ်လို့ သိရပါတယ်။
အသက် ၅၉ နှစ်အရွယ် မင်းသား George ဟာ ကမ္ဘာပျက်ကာလတခုမှာ အသက်ရှင် ကျန်ရစ်ခဲ့ပေမယ့် မျှော်လင့်ချက် မဲ့နေတဲ့ အာကာသယာဉ်မှူး တဦးအနေနဲ့ ပါဝင်နေတာဖြစ်ပြီး သူဟာ ခန္ဓာကိုယ်အလေးချိန် လျှော့ချတဲ့ အစီအစဉ်ကို စတင်ခဲ့ရာကနေ ရုပ်ရှင်ရိုက်ကူးရေး မစတင်ခင် အစာအိမ်နာကျင်လာတာကြောင့် ဆေးရုံတက်ခဲ့ရတာလည်း ဖြစ်ပါတယ်။
ပြန်လည် သက်သာလာဖို့ အချိန်တော်တော်ကြာ အနားယူနေရတဲ့ မင်းသား George က “ကျနော်က လျင်လျင်မြန်မြန် အလေးချိန် လျှော့ဖို့ အရမ်း ကြမ်းကြမ်းတမ်းတမ်း ကြိုးစားခဲ့တယ်လို့ ထင်တယ်။ ကျနော့်ကိုယ် ကျနော် မထိန်းနိုင်ခဲ့ဘူး။ ပြန်ကောင်းလာဖို့ သီတင်းပတ် အနည်းငယ်လောက် အချိန်ယူခဲ့ရပါတယ်”လို့ ပြောပါတယ်။
ဆက်ပြီး သူက “ဒါရိုက်တာ တယောက်အနေနဲ့ အင်အားရှိဖို့ လိုအပ်တာကြောင့် လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဖင်လန်နိုင်ငံက ဒီရေခဲတောင်ကြီးပေါ်မှာ ကျနော်တို့ ရောက်ခဲ့တယ်။ တော်တော်လေး ခက်ခက်ခဲခဲ လုပ်ခဲ့ရတယ်။ ဒါပေမဲ့ ဒီဇာတ်ကောင်အတွက် အကူအညီ ဖြစ်ခဲ့တယ်”လို့ ဆိုပါတယ်။
မင်းသားက “ကျနော် ဇာတ်ညွှန်းကို ဖတ်နေတဲ့အချိန်မှာ မူရင်းစာအုပ်ကို ဖတ်မထားလို့ ဇာတ်ကောင်က အသက် ၇၀ ရှိနေပြီဆိုတာ ကျနော် မသိပါဘူး။ သူက တော်တော်လေး နေမကောင်းဖြစ်နေတာလို့ပဲ သိထားခဲ့တာပါ။ ကျနော်က ပိုပိန်လှီ ခြောက်ကပ်လာပါတယ်။ ဒါဟာ ချိန်ညှိရတဲ့ သရုပ်ဆောင်မှု ဖြစ်ပါတယ်။ ကျနော်တို့ဆီမှာ လူသိပ်မများတဲ့ အဖွဲ့တခုပဲ ရှိပါတယ်”
“ဒါကြောင့် ကျနော်တို့က ကင်မရာပုံးတွေကို ကိုယ်တိုင် သယ်ရပါတယ်။ အိုင်စလန်က နှင်းတောထဲမှာ မျက်နှာဖုံး မရှိဘဲ အဲ့ဒီလို လုပ်နိုင်ဖို့ဆိုတာ တော်တော်လေး ခက်ပါတယ်။ အချိန် ၁ မိနစ်နဲ့ ၁၅ စက္ကန့် တခါလောက် ကျနော့် မျက်တောင်တွေ အေးလွန်းလို့ ပိတ်သွားခဲ့ရပါတယ်။ ဒါကြောင့် ကျနော်ဟာ ပြန်လာခဲ့ပြီး အပူပေး လေမှုတ်စက်နဲ့တောင် မှုတ်ခဲ့ရပါတယ်”လို့ ပြောပါတယ်။
မင်းသား George က “ကျနော်တို့ ဗင်ကားတစီးထဲမှာ ထိုင်နေခဲ့ပြီး ကျနော့် မျက်တောင်တွေ အရည်ပျော်ဖို့ အပူပေးမှုတ်ဆက်ကို သုံးခဲ့ရပါတယ်။ အဲ့ဒီနောက် ကျနော်ပြန်သွားပြီး ရိုက်ကွင်းမှာ ပြန်ရိုက်ခဲ့ရတယ်” လို့ ပြောကြားခဲ့ပါတယ်။
Ref: aceshowbiz
You may also like these stories:
“The Crown” စီးရီးကို စိတ်ကူးယဉ် ဖန်တီးထားကြောင်း ဖော်ပြဖို့ Netflix ငြင်းဆို
ဇာတ်ကောင်အသစ်အတွက် ကိုယ်အလေးချိန် အလျင်အမြန် ချခဲ့ရတဲ့ Huang Xiaoming
နိုင်ငံရေးလောကထဲ ဝင်ရောက်လာတဲ့ အိန္ဒိယ အက်ရှင်မင်းသား Rajinikanth