“The Voice Myanmar Season 3” သီချင်းဆို ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ “Error” အဖွဲ့က နှစ်ယောက်တွဲ အဖွဲ့ဖြစ်တဲ့အတွက် အခက်အခဲ ရှိပေမယ့် အပေးအယူမျှအောင် ဆိုတယ်လို့ ပြောပါတယ်။
“ကျနော်တို့ လာမယ့်အပတ်ကို ဒီထက် မိုက်အောင်တော့ ပြင်ဆင်ထားတယ်။ နှုတ်ဆက်သွားရတဲ့ အဖွဲ့ဝင်တွေအတွက် ပိုကြိုးစားသွားမယ်။ ကျနော်တို့က နှစ်ယောက်ဆိုတော့ အများကြီး ညှိယူရတာပါ့။ ကျနော်တို့က နှစ်ယောက်ဆိုတော့ အားလည်း ရှိသလို၊ အခက်အခဲတွေလည်း ရှိတယ်”
“အခုမှ ပြိုင်ပွဲအတွက်ဆိုပြီး နှစ်ယောက်ပေါင်းဆိုတဲ့သူ ဆိုရင်တော့ အဆင်မပြေနိုင်ဘူးပေါ့။ ကျနော်တို့က ၁၀ တန်းပြီးကတည်းက သီချင်းတွဲလုပ်ဖြစ်တော့ တယောက်အကြောင်း တယောက် သိနေတယ်။ အဲ့တော့ အပေးယူလေးတွေ အဆင်ပြေတယ်။ အခက်အခဲတွေလည်း ရှိတယ်”လို့ Error အဖွဲ့မှ Shake က ပြောပါတယ်။
ဒီနှစ်မှာ ကိုဗစ်ကြောင့် ဂရုစိုက်နေရသလို၊ ပြိုင်ပွဲမှာ Final တက်သွားလည်း ကြိုးစားမှာဖြစ်ပြီး မတက်သွားလည်း အနုပညာတွေ ဆက်လုပ်နေဦးမှာပါလို့ Shake က ဆိုပါတယ်။
“ကျနော်တို့ နှစ်ကျမှ ကိုဗစ်က ဖြစ်တယ်။ တနှစ်လောက် ဘာမှ မလုပ်ရဘဲ အချိန်တွေကို ရင်းလိုက်ရတယ်။ ကျနော်တို့ကို မြင်ရတာ ၈ မိနစ်လောက်ပဲ။ အဲ့အတွက် ကျနော်တို့က အများကြီး ပြင်ဆင်ရတယ်။ ကိုဗစ်လည်း မကူးအောင် ကျန်းမာနေအောင် ပြင်ဆင်ရတယ်။ Final တက်လည်း ကောင်းတာပေါ့။ တက်သွားလည်း ကြိုးစားနေပါမယ်။ အားပေးကြပါ။ မတက်သွားလည်း အနုပညာတွေ ဆက်လုပ်နေဦးမှာပါ”လို့ Shake က ပြောပါတယ်။
နှစ်ယောက်စလုံးက အရင်ကတည်းက သီချင်းတွဲလုပ်နေသူတွေ ဖြစ်တာကြောင့် အပေးအယူ မျှသလို သီချင်းနဲ့ ပတ်သက်ပြီးလည်း ပိုအားစိုက်လုပ်ဖြစ်တယ်လို့ Error အဖွဲ့မှ ဝေလုံးက ဆိုပါတယ်။
“ကျနော်တို့ ဒီအဆင့်ထိရောက်လာဖို့ အမြဲ ကြိုးစားနေခဲ့ပါတယ်။ ကျနော်တို့က အရင်ကတည်းက သီချင်းလေးတွေ တွဲလုပ်နေတာဆိုတော့ နားလည်သိထားတော့ ပိုပြီးတော့ အပေးအယူလည်း မျှတယ်။ သီချင်းနဲ့ ပတ်သက်ပြီး အခုတော့ ပိုအားစိုက်လုပ်ဖြစ်တယ်။ သီချင်းရွေးတဲ့အခါ အရမ်းတိုင်ပတ်တယ်။ ကျနော် တယောက်တည်း ဆိုလို့ အဆင်ပြေတဲ့ သီချင်းတွေ ရှိတယ်။ သူတယောက်တည်း ဆိုလို့ အဆင်ပြေတဲ့ သီချင်းတွေ ရှိတယ်။ ဒါပေမဲ့ ကျနော်တို့က နှစ်ယောက်ဆိုလို့ရမယ့် အကောင်းဆုံး ဆိုတဲ့ဟာကို ရွေးရတယ်”လို့ ဝေလုံးက ပြောပါတယ်။
အကောင်းဆုံးလည်း မျှော်လင့်ထားသလို၊ အဆိုးဆုံးကိုလည်း ခံနိုင်ရည် ရှိအောင် ကြိုးစားထားတယ်လို့ သူက ဆိုပါတယ်။
“အဆင်ပြေပါတယ်။ နှစ်ယောက်ဆိုတော့ ပိုတော့ အားရှိတယ်။ တယောက်တည်းဆို အားငယ် မနေရဘူး။ ပြုတ်သွားလည်း အတူတူ၊ တက်သွားလည်း အတူတူ ဆိုတော့ သိပ်အားမငယ်ရဘူးပေါ့။ ကျနော်တို့ အကောင်းဆုံးလည်း မျှော်လင့်ထားသလို အဆိုးဆုံးကိုလည်း ခံနိုင်ရည် ရှိအောင် ကြိုးစားထားပါတယ်။ ကျနော်တို့ မိသားစုတွေကတော့ သီချင်းလုပ်တာကို အားမပေးဘူး။ ဒါပေမဲ့ အခု နေရာလေး တနေရာရလို့ သူတို့လည်း အတတ်နိုင်ဆုံး ထောက်ပံ့ပေးပါတယ်”လို့ ဝေလုံးက ပြောပါတယ်။
Error အဖွဲ့ကတော့ The Voice Myanmar – Season 3 ရဲ့ Coach တဦးဖြစ်သူ အဆိုတော် ရန်ရန်ချမ်းရဲ့ Team မှ ဖြစ်ပြီး Semi Final မှာ ယှဉ်ပြိုင်နေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။