ပြီးခဲ့တဲ့ရက်ပိုင်းက အပိုင်း ၄ ပိုင်းနဲ့အတူ ထွက်ရှိလာခဲ့တဲ့ အဆိုတော် မေရဲ့ “The Journey” သီချင်းရဲ့ Music Video ကိုတော့ တခေတ်တခါက အောင်မြင်ခဲ့တဲ့ “ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း” ဆိုတဲ့ ရုပ်ရှင်ရဲ့ Concept ကို ယူပြီး ရိုက်ထားတာဖြစ်တယ်လို့ မေက ပြောပြခဲ့ပါတယ်။
“ဇာတ်လမ်းကို ချိတ်တဲ့အခါမှာ ၁၉၇၀ ခုနှစ်က ဒါရိုက်တာ မောင်ဝဏ္ဏ ရိုက်ထားတဲ့၊ ဆရာကြီး မောင်သာရရဲ့ဝတ္ထု “ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း” ဆိုတဲ့ ရုပ်ရှင်နဲ့ အဲ့ရုပ်ရှင်ရဲ့အငွေ့အသက်လေးကို ဒါရိုက်တာက ထည့်ပြီးတော့ ဇာတ်လမ်း ဖန်တီးပေးထားတယ်” လို့ မေက ပြောပါတယ်။
ဆက်လက်ပြီး “အဓိကက မေတို့က ဘာ Concept ကို ချိတ်ချင်တာလဲ ဆိုတော့ ဒါရိုက်တာကို မေက မေ့ဘဝ အကြောင်း၊ မေဖြတ်သန်းခဲ့တဲ့ မေ့ဘဝ အတွေ့အကြုံတွေကို ပြောပြတဲ့အခါမှာ ဒါရိုက်တာက ဝတ္ထုထဲက ဇာတ်ကောင်ကို သူသွားပြီး မြင်တယ်”
“ဒီဇာတ်ကောင်ကိုလည်း သူဘယ်လိုမြင်လဲဆိုတော့ ဘဝအစစ်ကြီးအတွက် အဆင်သင့် မဖြစ်သေးတဲ့ အသက်အရွယ်မှာ အချစ်နဲ့ ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်တဲ့ ဒဏ်တွေကြောင့် ထားဆိုတဲ့ ဇာတ်ကောင်က ရူးသွားတယ်ပေါ့။ အဲ့ Concept နဲ့ မေကလည်း မေ့ဘဝ ဖြတ်သန်းခဲ့တဲ့ စတိုရီကို ပြောပြတဲ့အခါမှာ ဒါရိုက်တာကလည်း အဲဒါနဲ့ မေ့စတိုရီနဲ့ကို ချိတ်ပေးပြီးတော့ ရိုက်ခဲ့တာပေါ့” လို့ ပြောပါတယ်။
ဒီရုပ်ရှင်ထဲက အငွေ့အသက်တွေကို ယူထားတာဖြစ်တဲ့အတွက် ဒီထဲမှာပါတဲ့ မြန်မာမှု ပုံစံများနဲ့ လိုက်ကာများ၊ ပိတ်စများကအစ သေချာပြင်ဆင်ခဲ့တယ်လို့ သိရပါတယ်။
“ဒီရုပ်ရှင်ထဲက အငွေ့အသက်ကို ယူထားတယ်ဆိုတဲ့ နေရာမှာ အဲ့ထဲက မြန်မာမှုပုံစံတွေရော၊ လိုက်ကာတွေကအစ အဲ့တုန်းက သုံးခဲ့တဲ့ ပိတ်စအဆင်တွေကိုရော Print ထုတ်ပြီးတော့ သုံးခဲ့တာပေါ့။ ဒါရိုက်တာက ခရမ်းရောင်နဲ့ သွားချင်တာဆိုတော့ အဲဒါတွေပဲ ဝတ်ခဲ့တာပေါ့” လို့ မေက ပြောပါတယ်။
“ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း” ထဲက ထားဇာတ်ကောင်ရဲ့ အသက်ကြီးလာတဲ့နေရာမှာတော့ သရုပ်ဆောင် ခင်ခင်အေးက သရုပ်ဆောင်ပေးထားပြီး Part 4 မှာလည်း သရုပ်ဆောင် အောင်မြင့်မြတ်က ပါဝင်သရုပ်ဆောင် ပေးခဲ့ပါတယ်။
“အဓိကကတော့ မေက ဒါကို Album လုပ်ချင်ခဲ့တာပေါ့။ မေ့ရဲ့အရှေ့က ထွက်ပြီးသား သီချင်းတွေနဲ့ နောက်ထပ် သီချင်းအသစ်တွေနဲ့ Concept Album လုပ်ချင်ခဲ့တာ။ ဒါရိုက်တာနဲ့ သွားတွေ့တဲ့ အချိန်မှာ မေ့ရဲ့ Album လေးကို ပရိသတ်က စဖွင့်လိုက်တဲ့အချိန်မှာ ရုပ်ရှင်ကားတကားကို စပြီး ဖွင့်ကြည့်လိုက်ရသလို ဖြစ်ချင်တယ်။ ဇာတ်လမ်းလေးတခုကို သီချင်းတွေ အကုန်လုံးနဲ့ ချိတ်ဖို့ စဉ်းစားတဲ့အချိန်မှာ ဒါရိုက်တာကို မေက မေဖြတ်သန်းခဲ့ဖူးတဲ့ ဘဝအတွေ့အကြုံတွေကို မေက ပြောပြဖြစ်တယ်။ ဒါရိုက်တာမေ့ကို အခုအားလုံး ကြည့်ပြီးသွားကြတဲ့ ဇာတ်လမ်းလေးကို ရိုက်ပေးခဲ့တာပါ” လို့ မေက ပြောပါတယ်။
အပိုင်း ၄ မှာတော့ သူ့ရဲ့လက်တွေ့ဘဝနဲ့ ပိုပြီးနီးစပ်တဲ့အတွက် သရုပ်ဆောင်ရတာ Mood ပိုရပြီး “The Journey” ကိုတော့ ကြိုတင် ရိုက်ကူးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“အပိုင်း ၁ ၊ ၂ ၊ ၃ က သိပ်ပြဿနာ မရှိပေမယ့် အပိုင်း ၄ မှာ ကျတော့ မေ့ရဲ့အပြင် လက်တွေ့ဘဝနဲ့ နီးစပ်တယ်။ ခံစားချက်တွေကလည်း တိုက်ဆိုင်တယ်။ သရုပ်ဆောင်ရတာလည်း Mood အရမ်းရခဲ့တယ်။ တော်တော်ထိတယ်ပေါ့။ Journey ကိုက အရင်ကြိုရိုက်ထားခဲ့တာ။ Journey ဖြစ်တဲ့အတွက် မေတို့က တောတောင်ရေမြေ အဲဒါတွေနဲ့ လွတ်လပ်တဲ့ အရသာကို ရချင်တာဖြစ်တဲ့အတွက် သီချင်း မထွက်ခင် နယ်ဘက်တွေမှာ သွားရိုက်ထားခဲ့တာပေါ့”လို့ ပြောပါတယ်။
မေရဲ့ အပိုင်း ၄ ပိုင်းနဲ့ “The Journey” သီချင်း Music Video ကိုတော့ ပရိသတ်တွေက နားလည်ပြီးအသိအမှတ် ပြုပေးကြတဲ့အတွက်လည်း ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။
“အခု သီချင်းလေး ထွက်ပြီးသွားတဲ့အချိန်မှာ ပရိသတ်တွေကလည်း တကယ်ကို မေပြောချင်တဲ့ အကြောင်းကို နားလည်ကြတယ်။ အသိအမှတ်ပြုကြတယ်။ ကြိုက်ကြတယ်။ အကောင်းမြင်တဲ့ ကောမန့်တွေပဲ တွေ့ရတဲ့အတွက် တကယ်ကို အတိုင်းမသိ ဝမ်းသာပါတယ်” လို့ မေက ပြောပါတယ်။
You may alos like these stories:
အပိုင်း ၄ ပိုင်းနဲ့ ချိတ်ဆက်ထားတဲ့ မေရဲ့ “The Journey” သီချင်းအသစ်