ကမ္ဘာကျော် အစီအစဉ် တင်ဆက်သူ Ellen DeGeneres က သူဟာ COVID-19 ပိုး ဆေးစစ်ချက်မှာ ပိုးတွေ့အဖြေ ထွက်ရှိခဲ့ပေမယ့် အခြေအနေ ကောင်းမွန်တယ်လို့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။ အမေရိကန် ဟာသသရုပ်ဆောင် Ellen က သူနဲ့ ရင်းနှီးသူတွေ အားလုံးကိုလည်း အသိပေးခဲ့ပြီးပြီလို့ Twitter မှာ ပြောကြားခဲ့ပါတယ်။
သူက “ကျမ COVID-19 ပိုးတွေ့အဖြေ ထွက်ခဲ့တယ်ဆိုတာ အားလုံးကို သိစေချင်ပါတယ်။ ကံကောင်းစွာနဲ့ ကျမ အခု အခြေအနေ ကောင်းပါတယ်” လို့ Twitter မှာ ရေးသားခဲ့ပါတယ်။
“The Ellen DeGeneres Show” အစီအစဉ် တင်ဆက်သူ အသက် ၆၂ နှစ်အရွယ် Ellen က ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်တွေအတိုင်း လိုက်နာ နေထိုင်ကာ၊ အားလပ်ရက်တွေအပြီး သူ့ရဲ့ အစီအစဉ်မှာ ပြန်လည် ပါဝင်လာမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
အစီအစဉ်ရဲ့ ကိုယ်စားလှယ်တဦးကတော့ အဲ့ဒီအစီအစဉ်ရဲ့ ထုတ်လုပ်ရေးလုပ်ငန်းတွေကို လာမယ့်ဇန်နဝါရီလအထိ ရပ်နားထားတယ်လို့ ဆိုပါတယ်။ Ellen ဟာ COVID-19 ပိုးတွေ့ရှိခဲ့တဲ့ နောက်ဆုံး နာမည်ကျော် အနုပညာရှင် ဖြစ်လာခဲ့ပါတယ်။
သူ့ရဲ့ အရှေ့မှာတော့ Tom Hanks, Idris Elba, Bryan Cranston နဲ့ Hugh Grant တို့လို သရုပ်ဆောင်တွေအပြင် Kanye West, Bad Bunny နဲ့ Gloria Estefan တို့လို ဂီတပညာရှင်တွေလည်း ပိုးကူးစက်ခံခဲ့ရကြောင်း၊ ရောဂါလက္ခဏာတွေ ခံစားခဲ့ရကြောင်း ထုတ်ဖော် ပြောဆိုထားကြပါတယ်။
“The Ellen DeGeneres Show” အစီအစဉ်ကိုတော့ နေအိမ်တွင်း စုဝေးခွင့်ဆိုင်ရာ ကန့်သတ်ချက်တွေ၊ ကပ်ရောဂါဖြစ်ပွားမှု မြင့်တက်နေချိန်အတွင်း အိမ်တွင်းနဲ့ အိမ်ပြင်ပ စားသောက်မှုတွေနဲ့ ပတ်သက်လို့ ပြန်လည် ပြင်ဆင် ကန့်သတ်မှုတွေကြားက လော့စ်အင်ဂျလိစ်မြို့မှာ ရိုက်ကူးခဲ့ပါတယ်။
ဆက်စပ်တဲ့သတင်း ပြောရမယ်ဆိုရင် တင်ဆက်သူ Ellen ဟာ မကြာသေးခင်တုန်းက သူကာလကြာရှည် တင်ဆက်ပေးနေတဲ့ ကမ္ဘာကျော် ဆွေးနွေးခန်းအစီအစဉ် ရိုက်ကွင်းနောက်ကွယ်မှာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ၊ အကြမ်းဖက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ရင်ဆိုင်ခဲ့ရပြီး Ellen က သူ့လုပ်ငန်းခွင်နဲ့ ပတ်သက်လို့ ပြန်လည် တောင်းပန်ထားပါတယ်။
Ref: asiaone
You may also like these stories:
ရုပ်ရှင်အတွက် ဝိတ်အချလွန်ပြီး ဆေးရုံတက်ခဲ့ရတဲ့ မင်းသား George Clooney
တရုတ်အစိုးရကို စော်ကားသည်ဟုဆိုကာ Running Man အစီအစဉ် သပိတ်မှောက်ခံရ
Forbes Asia ရဲ့ Digital Stars အယောက် ၁၀၀ စာရင်းမှာ စိုင်းစိုင်းနဲ့ ဝတ်မှုန်ရွှေရည် ပါဝင်