၂၀၂၀ ခုနှစ် တနှစ်တာအတွင်း ကိုရီးယားဇာတ်လမ်းတွဲ ချစ်သူတွေအတွက် အကောင်းဆုံး အနုပညာအရည်အသွေးတွေ ချပြနိုင်ခဲ့တဲ့ သရုပ်ဆောင် မင်းသားတွေကို ရွေးချယ်ပေးခဲ့ကြပါတယ်။
ဇာတ်လမ်းတွဲတွေကို ပိုပြီး သက်ဝင် လှုပ်ရှားလာအောင် လုပ်ဆောင်ပေးနိုင်ခဲ့တဲ့ စီနီယာ အနုပညာရှင်တွေသာမက၊ မျက်နှာသစ် သရုပ်ဆောင်တွေလည်း ပါဝင်လာပါတယ်။ ဒီထဲကမှ ပရိသတ်နဲ့ရင်းနှီးပြီးသား စာရင်းဝင် မင်းသားတချို့ကို ရွေးချယ် ဖော်ပြသွားပါမယ်။
Park Seo Joon
မင်းသား ပတ်စောဂျွန်းလို့ ဆိုလိုက်တာနဲ့ “Itaewon Class” ထဲက စားသောက်ဆိုင်ပိုင်ရှင် Park Sae Ro Yi ကို တွဲမြင်ကြမှာပါ။ ၂၀၂၀ ခုနှစ်ရဲ့ ပရိသတ် ကြည့်ရှုနှုန်း အများဆုံး စာရင်းဝင်ခဲ့တဲ့ ဒီကားမှာ ပတ်စောဂျွန်းက ဖခင်ကို သတ်သွားတဲ့သူကို ပြန်ကလဲ့စားချေတဲ့ ပုံစံမျိုး ရိုက်ကူးထားတာပါ။
မင်းသားရဲ့ ဆံပင်ပုံစံကအစ ပြောစမှတ်တွင် လောက်အောင် နိုင်ငံတကာ ပရိသတ်တွေပါ သဘောကျနှစ်ခြိုက်ခဲ့ကြပါတယ်။ ဖခင်သေဆုံးချိန် မိုးရေထဲ ရှိုက်ကြီးတငင် ငိုရတဲ့အခန်းမှာဆိုရင် ပရိသတ်တွေသာမက အနုပညာရှင် အချင်းချင်းကပါ မင်းသားရဲ့ သရုပ်ဆောင် ပီပြင်မှုကို ချီးကျူးခဲ့ကြပါတယ်။
Hyun Bin
မြန်မာပရိသတ်တွေကြား ဗိုလ်ကြီးလို့ ချစ်စနိုးနဲ့ သဲသဲလှုပ်အားပေးခံရတဲ့ မင်းသား ဟွန်ဘင်းဟာ “Crash Landing On You” မှာဆိုရင် မြောက်ကိုရီးယားဗိုလ်ကြီး Ri Jung Hyuk အဖြစ် ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့သူပါ။ မင်းသမီး ဆိုယဲဂျင်းကို ကယ်တယ်ပုံတွေ၊ ချစ်စရာကောင်းတဲ့ ဂရုစိုက်မှုလေးတွေက မိန်းကလေး ပရိသတ်ကြားမှာ သဲသဲလှုပ် အားပေးခဲ့ရတဲ့ထိ အောင်မြင်ခဲ့ပါတယ်။
Kim Soo Hyun
၂၀၂၀ ခုနှစ်ဟာ စစ်မှုထမ်းတာဝန်ပြီးလို့ ဖန်သားပြင်ပေါ်ပြန်ရောက်လာခဲ့တဲ့ မင်းသား ကင်ဆိုဟွန်းအတွက် အကောင်းဆုံးနှစ်တနှစ် ဖြစ်ခဲ့ပါတယ်။ “It’s Okay to not be Okay” ဇာတ်လမ်းတွဲမှာ Moon Kang Tae ဆိုတဲ့ ဇာတ်ကောင်နေရာမှာ အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့သလို၊ ဒီဇာတ်ကားဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်း ပထမဆုံး ပရိသတ်ရှေ့ ပြန်ရောက်လာခဲ့တဲ့ ဇာတ်လမ်းတွဲလည်းဖြစ်ပါတယ်။
ရိုက်ကူးခဲ့သမျှ ဇာတ်လမ်းတွဲတိုင်း ပရိသတ် အကြိုက်တွေ့ခဲ့ရသလို ဇာတ်ကားအသစ်မှာလည်း စောင့်ရကျိုးနပ်တယ်လို့ ပြောရင်အောင် အကောင်းဆုံး ချပြနိုင်ခဲ့ပါတယ်။
Park Bo Gum
မင်းသား ပတ်ဘိုဂွန်းအတွက်တော့ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့နှစ်ဆိုရင် မမှားပါဘူး။ tvN ရုပ်သံလိုင်းကနေ ပြသခဲ့တဲ့ “Record of Youth” မှာဆိုရင် အောင်မြင်တဲ့ လူငယ်မော်ဒယ် ဖြစ်နေပေမယ့် မင်းသားဖြစ်ချင်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားပုံတွေကို မြင်တွေ့ရမှာပါ။ လူငယ်တွေရဲ့ ဘဝ၊ ကြိုးစားမှု၊ ဇွဲလုံ့လနဲ့ စိတ်လှုပ်ရှားရင်ခုန်စရာ ဖြတ်သန်းပုံတွေကို ပုံဖော်ရိုက်ကူးထားပါတယ်။
Jo Jung Suk
ဇာတ်မြူးကားတွေဆိုရင် ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တဲ့ မင်းသား ဂျိုဂျန်ဆော့ကို “Hospital Playlist” ဇာတ် ကားမှာတော့ ဆရာဝန်တယောက်အပြင် နွေးထွေးတဲ့ ဖခင်တယောက်အဖြစ်နဲ့ပါ မြင်တွေ့ရမှာပါ။
အချစ်၊ ဇာတ်မြူး၊ ဒရာမာ ကာရိုက်တာ အစုံကို ကျရောက်ဇာတ်ရုပ်မှာ သရုပ်ဆောင်နိုင်တဲ့ မင်းသား ဂျိုဂျန်ဆော့ကို ၂၀၂၀ ခုနှစ်ရဲ့ အကောင်းဆုံးစာရင်းမှာ ရွေးချယ်ပေးခဲ့ကြတာ အံ့သြစရာတော့ မဟုတ်ပါဘူး။ နောက်နှစ်မှာလည်း “Hospital Playlist” Season 2 နဲ့အတူ ပရိသတ်တွေ စောင့်မျှော်နေကြပါပြီ။
Nam Joo Hyuk
၂၀၂၀ ခုနှစ်ဟာ မင်းသား နမ်ဂျူဟော့အတွက် အောင်မြင်တဲ့ နှစ်တနှစ်လို့ သတ်မှတ်နိုင်ပါတယ်။ “The School Nurse Files” ကားထဲမှာ ဆရာ Hong In Pyo အဖြစ် အရင်တုန်းက မမြင်ဖူးတဲ့ ဇာတ်ကောင်ပုံစံမျိုးနဲ့ မြင်တွေ့ ကြမှာပါ။ နောက်ထပ် အောင်မြင်မှုကို မြှင့်တင်ပေးလိုက်တာကတော့ မကြာခင်က ပြီးစီးသွားတဲ့ “Start-Up” ဇာတ်ကားထဲက ဂရုစိုက်တတ်ပြီး ချစ်စရာကောင်းတဲ့ Nam Do San ဇာတ်ကောင်နဲ့ မြင်တွေ့ခဲ့ကြမှာပါ။
Ref: Soompi