မင်းသား Kim Jung Hyun နဲ့ မင်းသမီး Shin Hye Sun တို့ ပါဝင်ထားကြတဲ့ “Mr. Queen” ဒရာမာကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ စတင်ပြသခဲ့ပြီး အစကောင်းခဲ့တာကို တွေ့ရပါတယ်။
အဲ့ဒီဒရာမာကတော့ ဂျိုဆွန်းခေတ်က မိဖုရားတပါးရဲ့ခန္ဓာကိုယ်ထဲမှာ ပိတ်မိနေတဲ့ ဒီနေ့ခေတ်က အမျိုးသားတယောက်ရဲ့အကြောင်း ဇာတ်အိမ်ဖွဲ့ထားတဲ့ သမိုင်းနောက်ခံ ထူးခြားဆန်းကြယ် ဟာသဇာတ်မြူး ဒရာမာ ဖြစ်ပါတယ်။
အိမ်ပြာတော်ရဲ့ စားဖိုမှူး ဂျန်ဘုံဟွမ် ဆိုတဲ့ ဝိညာဉ် ပိတ်မိနေတဲ့ ဂျိုဆွန်းခေတ် မိဖုရား ကင်ဆိုယုံအဖြစ် မင်းသမီး Shin Hye Sun နဲ့ ကြင်ယာတော်ဘုရင် ချောဂျုံးအဖြစ် မင်းသား Kim Jung Hyun တို့က သရုပ်ဆောင်ခဲ့ကြပါတယ်။ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ အဲ့ဒီဒရာမာကို tvN ရုပ်သံလိုင်းကနေ စတင်ထုတ်လွှင့်ခဲ့ပြီး လူကြည့်နှုန်း နံပါတ် ၁ နေရာအထိ ရယူနိုင်ခဲ့တာကို တွေ့ရပါတယ်။
Nielsen Korea ရဲ့အဆိုအရ “Mr. Queen” ဒရာမာရဲ့ ပထမဆုံးအပိုင်းဟာ နိုင်ငံတဝန်းမှာ ပျှမ်းမျှ လူကြည်ံနှုန်း ၈ ရာခိုင်နှုန်းရှိခဲ့ပြီး အမြင့်ဆုံးအဖြစ် ၉ ဒသမ ၉ ရာခိုင်နှုန်းအထိ ရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲ့ဒီနှုန်းကြောင့် စနေ၊ တနင်္ဂနွေတွေမှာ ကေဘယ် ရုပ်သံလိုင်းတွေက ပြသခဲ့တဲ့ ဒရာမာတွေမှာ လူကြည့်နှုန်း အများဆုံး ဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် “Mr. Queen” ဒရာမာဟာ tvN ရုပ်သံလိုင်းရဲ့ သမိုင်းမှာ စနေ၊ တနင်္ဂနွေမှာ ပြသခဲ့ဖူးသမျှ ဒရာမာတွေထဲ အပိုင်း ၁ မှာ ဒုတိယမြောက် လူကြည့်နှုန်း အများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ သူ့ရဲ့အရှေ့မှာတော့ ၂၀၁၈ ခုနှစ်တုန်းက ပြသခဲ့တဲ့ “Mr. Sunshine” ဒရာမာရှိနေပြီး အဲ့ဒီစီးရီးရဲ့ အပိုင်း ၁ ဟာ လူကြည့်နှုန်း ၈ ဒသမ ၉ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ဒုတိယအပိုင်း ပြသရာမှာလည်း လူကြည့်နှုန်း သိသိသာသာ မြင့်တက်လာတာကို မြင်တွေ့ရပါတယ်။ တနိုင်ငံလုံး ပျှမ်းမျှ လူကြည့်နှုန်း ၈ ဒသမ ၈ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။ အဲ့ဒီ ဒရာမာကို အသက် ၂၀ ကနေ ၄၉ နှစ်ကြား ပရိသတ်တွေက အဓိကအားဖြင့် ကြည့်ရှုကြတယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၁၃ ရက်နေ့မှာတော့ မင်းသား Jo Byeong Gyu နဲ့ Gugudan အဖွဲ့ဝင် မင်းသမီး Kim Sejeong တို့ ပါဝင်ထားကြတဲ့ စူပါဟီးရိုးဒရာမာ “The Uncanny Counter” ဟာ လူကြည့်နှုန်း အမြင့်ဆုံးကို ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
Nielsen Korea ရဲ့ အဆိုအရ အဲ့ဒီဒရာမာရဲ့ အပိုင်း ၆ ဟာ လူကြည့်နှုန်း ၇ ဒသမ ၇ ရာခိုင်နှုန်း ရှိခဲ့ပြီး OCN ရုပ်သံလိုင်းရဲ့ ဒရာမာတွေထဲမှာ လူကြည့်နှုန်း အမြင့်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
Ref: soompi