“Black Panther” မင်းသား ဇာတ်ကောင်ကို အစားထိုး ရိုက်ကူးမည် မဟုတ်ဟုဆို
ကွယ်လွန်သူ မင်းသား Chadwick Boseman ပါဝင်ထားတဲ့ စူပါဟီးရိုးရုပ်ရှင် “Black Panther” နောက်ဆက်တွဲ ဇာတ်လမ်းထဲက အဓိကဇာတ်ဆောင် နေရာကို ပြန်လည် ရိုက်ကူးမှာ မဟုတ်ကြောင်း Marvel စတူဒီယိုအကြီးအကဲ Kevin Feige က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
Wakanda နိုင်ငံရဲ့ လူမည်းခေါင်းဆောင်အဖြစ် ပါဝင်ထားတဲ့ မင်းသား Boseman ရဲ့ တင်ဆက်မှုဟာ သိသာထင်ရှားပြီး သူ့နေရာမှာ အစားထိုး ပြန်လည် ရိုက်ကူးမှာ မဟုတ်ကြောင်း ရင်းနှီးမြှုပ်နှံသူတွေအတွက် Disney ရဲ့ တင်ဆက်ပွဲ အခမ်းအနားမှာ အကြီးအကဲ Feige က ပြောဆိုခဲ့ပါတယ်။
အသက် ၄၃ နှစ်အရွယ် မင်းသား Boseman ဟာ သူလျှို့ဝှက်ထားခဲ့တဲ့ အူမကြီးကင်ဆာကို ၄ နှစ်ကြာ ခံစားခဲ့ရပြီးတဲ့နောက် ပြီးခဲ့တဲ့ သြဂုတ်လမှာပဲ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
ပထမဆုံး ရုပ်ရှင်ထဲမှာ မိတ်ဆက်ခဲ့တဲ့ ချမ်းသာကြွယ်ဝပြီး မျိုးစုံကွဲပြားတဲ့ ဇာတ်ကောင်တွေ အားလုံးနဲ့ Wakanda ကမ္ဘာရဲ့ ထူးခြားမှုတွေကို ဆက်လက် ဖော်ထုတ်ခြင်းဖြင့် Boseman ချန်ထားတဲ့ အမွေကို အခု နောက်ဆက်တွဲ ရုပ်ရှင်မှာ ဂုဏ်ပြုမှာ ဖြစ်တယ်လို့ Feige က ဆိုပါတယ်။ အသေးစိတ်တော့ သူက ထည့်ပြောမသွားပေမယ့် အဲ့ဒီနောက်ဆက်တွဲ ရုပ်ရှင်ကို လာမယ့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှာ ရုံတင်ပြသဖို့ စီစဉ်ထားပါတယ်။
Black Panther ရုပ်ရှင်အမှုဆောင် ထုတ်လုပ်သူ Victoria Alonso ကတော့ ရုပ်ရှင်ထုတ်လုပ်သူတွေအနေနဲ့ နောက်ဆက်တွဲ ရုပ်ရှင်ထဲမှာ မင်းသား Boseman နေရာမှာ ဒစ်ဂျစ်တယ် လူစားထိုး ရိုက်ကူးဖို့ စီစဉ်ထားတယ်ဆိုတဲ့ ကောလာဟလသတင်းတွေကို ငြင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက အင်ဂျင်တီးနားသတင်းစာ Clarin နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်လုပ်သူ Alonso က ရုပ်ရှင်ထုတ်လုပ်သူတွေဟာ ဇာတ်လမ်းကို ဘယ်လို ဆက်ရမလဲဆိုတာ ဆုံးဖြတ်ဖို့ အချိန်ယူနေကြတယ်လို့ ပြောဆိုထားပါတယ်။
မင်းသား Boseman ရဲ့ နောက်ဆုံးရုပ်ရှင်ဖြစ်တဲ့ “Ma Rainey’s Black Bottom” ကိုတော့ လာမယ့် ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ Netflix ကနေ ပြသတော့မှာ ဖြစ်ပါတယ်။
Ref: thejakartapost
You may also like these stories:
မင်းသား Chadwick Boseman ရဲ့ရုပ်အလောင်းကို မွေးရပ်မြို့မှာ မြှုပ်နှံ
Black Panther ဇာတ်ကောင်နေရာကနေ မကြာခင် နုတ်ထွက်တော့မယ့် Chadwick Boseman