နှင်းဆီအဖွဲ့ရဲ့ ဖျော်ဖြေ တင်ဆက်မှု အသစ်များကို ကြည့်ရှုချင်ကြတဲ့ ပရိသတ်တွေအတွက် နှင်းဆီအဖွဲ့မှ အစီအစဉ်သစ်တခုကို စီစဉ်နေတယ်လို့ သိရပါတယ်။
“အေးချမ်းတဲ့ ဒီဇင်ဘာလရဲ့ ညတညမှာ ကျနော်တို့ရဲ့ နှင်းဆီ ပရိတ်သတ်တွေအတွက် ပျော်စရာကောင်းတဲ့ အစီအစဉ်လေးတခု စီစဉ်ထားပါတယ်။ ချစ်ရတဲ့ ပရိတ်သတ်တွေလည်း အားလုံးပျော်ရမယ်။ ကျနော်တို့ နှင်းဆီတွေလည်း ပျော်နေရမယ့် အစီအစဉ်လေးပါ။ အဲ့အစီအစဉ်လေးက ဘာလဲဆိုတော့ နှင်းဆီ ပရိတ်သတ်တွေအတွက် သီးသီးသန့်သန့် နွေးနွေးထွေးထွေး ဆုံတွေ့ အားပေးလို့ရမယ့် Private Closed Group လေးတခုကို ဖန်တီးထားပါတယ်” လို့ နေတိုးက ပြောပါတယ်။
ပရိသတ်တွေအနေနဲ့ အဆိုပါ နှင်းဆီအဖွဲ့မှ ဖန်တီးထားတဲ့ Private Closed Group ထဲကို အဖွဲ့ဝင်အနေနဲ့ ဝင်ရောက် ကြည့်ရှုမယ်ဆိုရင်တော့ Facebook account တခုကို ငွေကျပ် ၅၀၀၀ ပေးရမယ်လို့ သိရပါတယ်။
“နှင်းဆီကိုချစ်သော ပရိတ်သတ်များ အနေနဲ့ ကျနော်တို့ ဖန်တီးထားတဲ့ Private Closed Group လေးထဲကို Group Member အဖြစ် ဝင်ရောက်ပြီးတော့ ကျနော်တို့ရဲ့ ဖျော်ဖြေ တင်ဆက်မှုများကို အားပေး ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒီနှင်းဆီတွေရဲ့ Private Closed group ထဲကို ပရိသတ်တွေက Group Member များအဖြစ် ဝင်ရောက် ကြည့်ရှု အားပေးဖို့အတွက် Facebook account တခုကို ကျပ် ၅၀၀၀ သာပေးရမှာ ဖြစ်ပါတယ်” လို့ နေတိုးက ပြောပါတယ်။
ဒီ Group ထဲမှာ ဘာတွေ ဖျော်ဖြေ တင်ဆက်မလဲဆိုတာ သိချင်ရင်တော့ လာရောက် Join ဖို့အတွက် ဖိတ်ခေါ်ထားပြီး အသေးစိတ်ကို ထပ်မံ ပြောပြသွားမယ်လို့ သိရပါတယ်။
“ကျနော်တို့ နှင်းဆီတွေရဲ့ ဖျော်ဖြေတင်ဆက်မှုတွေက ဘာတွေဖြစ်မလဲဆိုတာကို သိချင်ရင်တော့ ဒီ နှင်းဆီတွေရဲ့ Private Closed Group ထဲကို လာရောက် Join ထားဖို့ ဖိတ်ခေါ်ပါတယ်။ Private Close group နာမည်နဲ့ ပြုလုပ်မယ့် ရက်နဲ့ အချိန်ကိုလည်း ထပ်မံ ကြေညာသွားပါမယ်ဗျာ။ သေချာတာကတော့ ကျနော်တို့ နှင်းဆီ ပရိတ်သတ်တွေ အရမ်းပျော်နေစေမယ်ဗျာ” လို့ နေတိုးက ပြောထားပါတယ်။
နှင်းဆီအဖွဲ့ရဲ့ ကိုဗစ်ကာလအတွင်း မာလာမြိုင်နှင်းဆီ Unplugged Music Show ကို ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ပြုလုပ်ခဲ့ပါသေးတယ်။
You may also like these stories:
မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့်မှာ အနုပညာသက်တမ်းနှစ် ၂၀ ပြည့်ခဲ့တဲ့ နေတိုး
အွန်လိုင်းကနေ ပရိသတ်တွေကို ဝိုင်ရောင်းမယ့် ကျော်ကျော်ဗို