Entertainment

“ဆင်ဆာအဖွဲ့အနေနဲ့ အမြင်ကျယ်ကျယ်ထားပြီး Rating System လုပ်သင့်တယ်”

Want create site? Find Free WordPress Themes and plugins.

ရုပ်ရှင်ဆင်ဆာစနစ်ကို ပြောင်းလဲပေးရန်အတွက် ဒီဇင်ဘာ ၁၁ ရက်နေ့က အနုပညာရှင်များစွာဟာ အွန်လိုင်း ကမ်ပိန်းတခုအနေနဲ့ ပြုလုပ်ခဲ့ကြပြီး သရုပ်ဆောင် ဇဏ်ခီအနေနဲ့လည်း ဆင်ဆာစနစ်နဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကို မျှဝေထားပါတယ်။

“မြန်မာ့ရုပ်ရှင် အနုပညာ တိုးတက်ရေးအတွက် ဆင်ဆာအဖွဲ့ရဲ့ အခန်းကဏ္ဍကို သေချာ သုံးသပ်သင့်ပါတယ်။ အရင်ဦးဆုံးအနေနဲ့ ဆင်ဆာအဖွဲ့ ဘာကြောင့် ရှိနေရသလဲဆိုတာ မေးရပါမယ်။ နောက်တချက်ကတော့ ရုပ်ရှင်အနုပညာကို ဆင်ဆာအဖွဲ့အနေနဲ့ ဘယ်လောက် နားလည်သလဲ ဆိုတာကို ကြည့်ရပါမယ်” လို့ ဇဏ်ခီက ဆိုပါတယ်။

ဆင်ဆာအဖွဲ့တွေကိုတော့ ယခင်အစိုးရခေတ်တွေတုန်းက စာပေ၊ အနုပညာတွေကနေတဆင့် နိုင်ငံရေးဝေဖန်ရေးများကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်တဲ့န ည်းနဲ့ဖြစ်စေ မရှိအောင် ဖွဲ့စည်းထားတာဖြစ်ပြီး အခုခေတ် ပွင့်လင်းမြင်သာမှုရှိတဲ့ခေတ် ရောက်သွားတဲ့အခါမှာတော့ အဆိုပါ ဆင်ဆာအဖွဲ့မှ ယဉ်ကျေးမှုထိန်းသိမ်းရေးဘက်ကို ရောက်ရှိသွားခဲ့တယ်လို့ ဆိုပါတယ်။

“Censorship မလိုဘူးလို့ မပြောလိုပါဘူး။ လွှတ်လိုက်ရင်လည်း ကျနော်တို့ လူမျိုးတွေက လွတ်သွားတတ်တယ်။ ငွေရဖို့အတွက် ပေါက်ဖို့အတွက် ကျော်ကြားဖို့အတွက် ဘာမဆိုလုပ်မယ်ဆိုတဲ့ လူတွေကလည်းရှိပေသကိုး။ Facebook ပေါ်မှာ အားလုံးသိတဲ့အတိုင်း (ကလေးကစ သိပါတယ်) ကျနော်တို့ မြန်မာတွေ တော်တော် ခေတ်မီကြပါတယ်။ တချို့ဆို ခေတ်တောင် လွန်ပါတယ်။ ဆိုတော့ လိုပါတယ်။ ဒါပေမဲ့ တုတ်ရှည်နဲ့ ပတ်ရမ်းလို့ မရပါဘူး” လို့ ဆိုပါတယ်။

သရုပ်ဆောင် ဇဏ်ခီ (ဓာတ်ပုံ – Zenn Kyi’s Facebook)

ဆက်လက်ပြီး “ယဉ်ကျေးမှု ထိန်းသိမ်းတဲ့နေရာမှာ ကျနော်တို့ထက် ပိုပြီးတိကျ တင်းကျပ်တဲ့ ဂျပန်တို့ ကိုရီးယားတို့၊ အိန္ဒိယတို့၊ နောက်ဆုံး တရုတ်တွေတောင် အနုပညာ ဖော်ဆောင်တဲ့ အချိန်မှာ ကမ္ဘာ့အဆင့်အတန်း မီအောင် စွမ်းဆောင်နိုင်ကြတယ်။ သူတို့ ယဉ်ကျေးမှုတွေ မလျော့သွားပါဘူး”

“သူတို့ ရုပ်ရှင်တွေဆိုရင် ဇာတ်အရ လိုအပ်ရင် လိုအပ်သလို နမ်းတယ်၊ ဆေးလိပ်သောက်တယ်၊ အရက်သောက်တယ်၊ ဆေးထိုးတယ်၊ လိင်ဆက်ဆံတယ်။ ဒါပေမဲ့ သူတို့ လူမျိုးတွေ ကိုယ့်ရိုးရာ ယဉ်ကျေးမှုကို ကိုယ်တွေ တန်ဖိုးထားသလို တန်ဖိုးထားပါတယ်။ ကိုယ်တွေ ချစ်သလို ချစ်ကြပါတယ်။ ဆိုတော့ censor တင်းကျပ်မှုနဲ့ မဆိုင်ဘူးဆိုတာ အထင်းသားကြီး ပေါ်လွင်နေပါတယ်”လို့ ဇဏ်ခီက ဆိုပါတယ်။

ဆင်ဆာအဖွဲ့အနေနဲ့ ရုပ်ရှင်အနုပညာကို ဘယ်လောက်ထိ နားလည် ခံစားတတ်သလဲ၊ ကမ္ဘာ့ရုပ်ရှင်ဘယ်အဆင့်ရောက်နေပြီလဲ စတဲ့အချက်တွေ ဘယ်လောက်သိသလဲဆိုတာ လိုအပ်ပြီး ဒါတွေကို မသိဘဲ ယဉ်ကျေးမှုထိန်းသိမ်းဖို့ပဲဆိုရင်တော့ ကမ္ဘာနဲ့ ရင်ဘောင်တန်းဖို့က ဝေးသွားပါလိမ့်မယ်လို့ ဆိုပါတယ်။

“နောက်တချက်က ဆင်ဆာအဖွဲ့အနေနဲ့ ရုပ်ရှင်အနုပညာကိုဘယ်လောက်ထိ နားလည်သလဲ။ ခံစားတတ်သလဲ။ ကမ္ဘာ့ရုပ်ရှင် ဘယ်အဆင့်ရောက်နေပြီဆိုတာ ဘယ်လောက်သိသလဲ။ ကမ္ဘာ့ရုပ်ရှင်သမိုင်းကို ဘယ်လောက်သိသလဲ။ အဲဒါတွေမသိဘူး။ ဂရုမစိုက်ဘူး။ ကျုပ်တို့ကတော့ ယဉ်ကျေးမှု ထိန်းသိမ်းဖို့ပဲ ဆိုရင်တော့ မြန်မာ့ရုပ်ရှင်ဟာ တိုးတက်စရာအကြောင်း မရှိတော့ပါဘူး။ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်ဖို့ ဆိုတာလည်း ကမ္ဘာတသိန်းလောက် ဝေးသွားပါလိမ့်မယ်”လို့ ဇဏ်ခီက ဆိုထားပါတယ်။

Rating system ရှိမှသာ အနုပညာသမားတွေလည်း လွတ်လပ်စွာ ဖန်းတီးလို့ရမှာဖြစ်သလို အသက်မပြည့်သူတွေလည်း မမြင်သင့်၊ မမြင်ထိုက်တာတွေ၊ မကြားသင့်တာတွေ၊ မတွေးသင့်တာတွေကနေထိန်းသိမ်းလို့ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

“အဆုံးသတ်အနေနဲ့တော့ မြန်မာ့ရုပ်ရှင် အနုပညာ အရည်အသွေး တိုးတက်ဖို့အတွက် ဆင်ဆာအဖွဲ့အနေနဲ့ အမြင်ကျယ်ကျယ်ထားပြီး တိုင်းပြည်နဲ့လူမျိုးအတွက် Rating system ကိုပဲ လုပ်သင့်တယ်လို့မြင်ပါတယ်။ လက်မှတ်ရောင်းတဲ့စနစ်ကိုလည်း အစိုးရနဲ့ပေါင်း ဥပဒေတွေနဲ့ ဘောင်ခတ်ပြီး စနစ်တကျရောင်းချသင့်တယ်” လို့ ဇဏ်ခီက ပြောထားပါတယ်။

ဇဏ်ခီကတော့ အဆိုပါ အကြောင်းအရာများကို သူ့ရဲ့ပထမဆုံးစာအုပ် “ကိုယ်တိုင်တွေ့ရှိသွားမှု” ထဲမှာလည်း ထည့်ထားပြီး Censorship အစား Rating system ကို သုံးကြဖို့ ဆွေးနွေးထားတာ ဖြစ်ပါတယ်။

You may also like these stories:

“Semi Final မှာ သီဆိုခဲ့တာ အားရမှု အရှိဆုံးပါ”လို့ ပြောတဲ့ N Oo L

နှင်းဆီအဖွဲ့ရဲ့ ဖျော်ဖြေမှုကို ငွေကျပ် ၅၀၀၀ နဲ့ Private Group ဖြင့် တင်ဆက်မည်

The Voice Myanmar Season 3 ရဲ့ ဖိုင်နယ် ပြိုင်ပွဲဝင် ၄ ဦး ပေါ်ထွက်

Did you find apk for android? You can find new Free Android Games and apps.
Loading