သရုပ်ဆောင် အကယ်ဒမီ စိုးမြတ်နန္ဒာက ဒီကနေ့၊ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ အသက် ၄၁ နှစ်ပြည့်မွေးနေ့မှာ ဖြတ်သန်းသွားမယ့် အစီအစဉ်များနဲ့ သူ့ရဲ့မွေးနေ့ဆုတောင်းကို အခုလို ပြောပြခဲ့ပါတယ်။
“လူ့လောကမှာ ရှင်သန်ခွင့်ရအောင် မွေးထုတ်ပေးခဲ့တဲ့ ဖေဖေနဲ့ မေမေကို ကန်တော့ပါရစေ။ မောင်နှမ အရင်းအဖြစ် ရေစက်ဆုံခွင့်ရပြီး ဒီအချိန်ထိ အရိပ်လို မိုးပေးထားတဲ့ မကြီး၊ မလေးနဲ့ ကိုကြီးတို့ကိုလည်း သံသရာ ကျင်လည်နေသရွေ့ အနီးဆုံးလူတွေအဖြစ်နဲ့ပဲ ပြန်ဆုံတွေ့ခွင့်ရပါရစေ။ တဦးတည်းသော သားလေးနဲ့ တဦးတည်းသော တူမလေးကိုလည်း သူတို့ခြေထောက်ပေါ် သူတို့ ရပ်တည်နိုင်တာလေးတွေ တွေ့မြင်သွားပါရစေ” လို့ စိုးမြတ်နန္ဒာက ဆိုပါတယ်။
မွေးနေ့မှာတော့ နေပြည်တော်ကို ရောက်နေပြီး မွေးနေ့အလှူဒါနအဖြစ် မန္တလေး မဟာဂန္ဓာရုံကျောင်းတိုင်မှာ ရာသက်ပန် မွေးနေ့အလှူရှင်အဖြစ် သံဃာအပါး ၁၀၀၀ ကျော်ကို နေ့ဆွမ်း ဆည်းကပ် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
“မွေးနေ့မှာ ဒါနအလှူအဖြစ် ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ အားကြည်ညို ဦးထိပ်ထားလျှက် မန္တလေး မဟာဂန္ဓာရုံကျောင်းတိုက်မှာ ရာသက်ပန် မွေးနေ့အလှူရှင်အဖြစ် သံဃာအပါး ၁၀၀၀ ကျော်ကို နေ့ဆွမ်း ဆည်းကပ် လှူဒါန်းခဲ့ပါတယ်။ ကပ်ရောဂါအခြေအနေမို့ သွားလို့ မရခဲ့ပါဘူး။ ရှိနေတဲ့ နေရာလေးမှာ ခေတ္တ ဘုရားကျောင်းဆောင်လေး ရှိတာမို့ ပရိတ် ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ခြင်း ၊ မဟာသမယစေတီတည်ခြင်း၊ ပဉှာဝါရ ရွတ်ဖတ်ပူဇော်ခြင်း ကုသိုလ်များ ပြုလုပ်ပါတယ်။ ညနေပိုင်းလေးမှာတော့ ဒီမှာရှိတဲ့ ချစ်ခင်သူတွေနဲ့ ညစာ အတူစားပါမယ်” လို့ စိုးမြတ်နန္ဒာက ပြောပါတယ်။
မွေးနေ့ဆုတောင်းပေးကြတဲ့သူ တယောက်ချင်းစီကိုလည်း လှိုက်လှိုက်လှဲလှဲ တန်ဖိုးထားပြီး ဆက်လက်ပြီးတော့လည်း ဘဝကို ပျော်ရွှင်ပြည့်စုံစွာ ဖြတ်သန်းဖို့ ဦးတည်ထားတယ်လို့ ဆိုပါတယ်။
“အသက် ၄၁ နှစ်ဆိုတာ သေခြင်းတရားနဲ့ နီးသထက် နီးလာနေပါပြီ။ တွေ့ကြုံရတဲ့ လောကဓံတွေအရ လူတွေအားလုံးကို မှန်လို မဆက်ဆံဘဲ သူကောင်းလည်း ကိုယ်ကောင်း/သူမကောင်းလည်း ကိုယ်ကောင်းဆိုတဲ့ အနေထားနဲ့ပဲ နေသွားပါ့မယ်။ ကိုယ့်မိသားစု၊ ကိုယ့်ရဲ့ ချစ်ခင်ရတဲ့ မိတ်ဆွေတွေ ကိုယ့်ကို ချစ်တဲ့ ပရိသတ်တွေနဲ့ပဲ ဘဝကို ပျော်ရွှင်ပြည့်စုံစွာ ဖြတ်သန်းဖို့ ဦးတည်ထားပါတယ်”
“အနားမှာ အမြဲရှိနေပေးတဲ့ ဘစိုးကိုလည်း ကျေးဇူးအထူးတင်ရပါတယ်။ မွေးနေ့ကို ရိုးရှင်းစွာဖြတ်သန်းရင်း အသက် ၄၀ ကို ထားခဲ့ပြီး ၄၁ နှစ်မှာ ကောင်းမှုကုသိုလ်တွေနဲ့ ပို၍ ငြိမ်းချမ်းပါရစေရှင့်” လို့ စိုးမြတ်နန္ဒာက ဆိုပါတယ်။
ဒီအကြောင်းအရာတွေကိုတော့ စိုးမြတ်နန္ဒာက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကတဆင့် မွေးနေ့ အလှူအကြောင်း ပရိသတ်တွေကို ဝေမျှ ပြောပြထားတာဖြစ်ပြီး အနုပညာ မောင်နှမများနဲ့ ပရိသတ်များက စိုးမြတ်နန္ဒာကို မွေးနေ့ဆုတောင်း ပေးထားကြပါတယ်။
You may also like these stories:
“ဆင်ဆာအဖွဲ့အနေနဲ့ အမြင်ကျယ်ကျယ်ထားပြီး Rating System လုပ်သင့်တယ်”
Rating စနစ်ကို တောင်းဆိုနေကြတဲ့ ရုပ်ရှင်ဖန်တီးသူများ
နှင်းဆီအဖွဲ့ရဲ့ ဖျော်ဖြေမှုကို ငွေကျပ် ၅၀၀၀ နဲ့ Private Group ဖြင့် တင်ဆက်မည်