အငှားကိုယ်ဝန်ဆောင်မှုအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်လမ်းတို တခုဟာ တရုတ်နိုင်ငံမှာ တားမြစ် ပိတ်ပင်ထားတဲ့ အလေ့အကျင့်တခုကို လှပအောင် ပုံဖော်ထားတဲ့အတွက် နိုင်ငံအတွင်းမှ ကြည့်ရှုသူတချို့က ရှုတ်ချထားပေမယ့် ပရိသတ်တချို့ကတော့ အဲ့ဒီကိစ္စနဲ့ ပတ်သက်လို့ အသိပညာပေးမှုကို မြှင့်တင်တာဖြစ်တဲ့အတွက် ချီးကျူးနေကြပါတယ်။
“Farewell My Concubine” လို နာမည်ကျော် ရုပ်ရှင်တွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Chen Kaige ကတော့ အခုလအစောပိုင်းမှာ “10 Months With You” ဆိုတဲ့ ရုပ်ရှင်ကို ဖြန့်ချိခဲ့ချိန်ကစလို့ ဆိုရှယ်မီဒီယာပေါ်မှာ သူ့အကြောင်း တော်တော်လေး လူပြောများနေခဲ့တာ ဖြစ်ပါတယ်။
Weibo အကောင့်အသုံးပြုသူတဦးက “ကျနော်က အငှားကိုယ်ဝန်ဆောင်တာကို တရားဝင်အောင် ပြုလုပ်မှာကိုတော့ ကန့်ကွက်ပါတယ်။ တကယ်လို့သာ တရားဝင်ဖြစ်သွားမယ်ဆိုရင် နောင် အနာဂတ်မှာလည်း ကိုယ်တွင်းအင်္ဂါ ကုန်သွယ်ရေးလည်း တရားဝင် ဖြစ်လာနိုင်တယ်၊ လူကုန်ကူးမှုဟာလည်း တရားဝင် ဖြစ်လာနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်လား” လို့ ရေးသားထားပါတယ်။
ကန့်ကွက်တာတွေ ရှိနေပေမယ့်လည်း တရုတ်နိုင်ငံမှာ ကန့်သတ် ပိတ်ပင်ထားတဲ့ အငှားကိုယ်ဝန်ဆောင်မှုကိစ္စကို မီးမောင်းထိုးပြသခဲ့တဲ့အတွက် ဒါရိုက်တာကို ချီးကျူးနေတဲ့သူတွေလည်း ရှိနေပါတယ်။
Weibo အကောင့် အသုံးပြုသူ အမျိုးသမီးတဦးက “ကျမရဲ့ ကိုယ်ပိုင် ခန္ဓာကိုယ်အတွက် ကျမမှာဆုံးဖြတ်ချက်ချခွင့် မရှိရတဲ့ အကြောင်းအရင်းကို ကျမ နားမလည်နိုင်ဘူး။ ဒါဟာ အခွင့်အရေးကို ချိုးဖောက်တာပဲ မဟုတ်လား” လို့ ရေးခဲ့ပါတယ်။
အငှားကိုယ်ဝန်ဆောင်မှုကို တရုတ်နိုင်ငံမှာ ကန့်သတ်ထားပေမယ့် ရုပ်ရှင်ထဲမှာ ဖော်ပြထားသလို့ မြေအောက် ကွန်ရက်တွေမှာတော့ ဆက်လက် ကြိုးထွားနေဆဲ ဖြစ်ပါတယ်။ ဟောင်ကောင်မင်းသမီး Myolie Wu Hang-yee ပါဝင်ထားတဲ့ အဲ့ဒီရုပ်ရှင်ထဲမှာ အငှားကိုယ်ဝန်ဆောင်မှုဟာ တရားမဝင်တဲ့အကြောင်း အကြိမ်ပေါင်းများစွာ ထည့်သွင်း ဖော်ပြထားပေမယ့် အဲ့ဒီလို ကန့်သတ်ထားတဲ့ ကိစ္စအပေါ် ပြစ်တင်ရှုတ်ချရာ မရောက်ဘူးလို့ ကြည့်ရှုသူတွေက ယုံကြည်ထားပါတယ်။
ဒါ့အပြင် အငှားကိုယ်ဝန်ဆောင်မှုကို သရုပ်ဖော်မယ့် အဓိကသရုပ်ဆောင်တွေရဲ့ ခံစားချက်ကို လှပ နူးညံ့တဲ့ ပုံစံနဲ့ ဖော်ပြထားပြီး ပျော်ရွှင်ဖွယ် ဇာတ်သိမ်း အပေါ်ကိုလည်း သံသယ ရှိနေကြပါတယ်။
အဲ့ဒီရုပ်ရှင်ထဲမှာ တရုတ်မင်းသမီး Ren Min သရုပ်ဆောင်ထားတဲ့ အမျိုးသမီးလေးဟာ ငွေကြေး တော်တော်များများနဲ့ ကမ်းလှမ်းခံရခဲ့ပြီးတဲ့နောက် အငှားကိုယ်ဝန်ဆောင်ပေးဖို့ သဘောတူခဲ့ပါတယ်။
အဲ့ဒီအမျိုးသမီးရဲ့ချစ်သူက အဲ့ဒီကလေးဟာ သူ့ရင်သွေးဖြစ်တယ်လို့ ထင်ထားခဲ့ပါတယ်။ အမှန်တရားကို သိရှိခဲ့ပေမယ့်လည်း အငှားကိုယ်ဝန်ဆောင်ကိစ္စကို ပြီးမြောက်စေဖို့ နူးညံ့သိမ်မွေ့စွာ စည်းရုံးပြောဆိုပေးခဲ့ပါတယ်။ ရုပ်ရှင်ထဲမှာတော့ သူတို့ရဲ့ လုပ်ရပ်အတွက် အဖမ်းခံရတာ၊ ဒဏ်ကြေးတပ်ခံရတာမျိုး မရှိခဲ့တာကြောင့် တရုတ် ပရိသတ်တွေကို ဒေါသထွက်စေခဲ့တာ ဖြစ်ပါတယ်။
တရုတ်ပြည်သူ့ အထူးတရားရုံးရဲ့ လက်ဝေခံသတင်းစာ People’s Court Daily ကတော့ Weibo မှာ ဝေဖန်သူတွေနဲ့ ပူးပေါင်းခဲ့တာကို တွေ့ရပါတယ်။ အဲ့ဒီသတင်းစာက “တရုတ်နိုင်ငံဟာ အငှားကိုယ်ဝန်ဆောင်တဲ့ လုပ်ရပ်တွေကို တင်းတင်းကျပ်ကျပ် တားမြစ် ပိတ်ပင်ထားတယ်ဆိုတာ လူထုကို အသိပေးချင်ပါတယ်။ ကျေးဇူးပြုပြီး တရားဥပဒေကို စိန်မခေါ်ပါနဲ့” လို့ ရေးသားခဲ့ပါတယ်။
တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်ရဲ့ စာရင်းဇယား အချက်အလက်တွေအရ တရုတ်နိုင်ငံအတွင်းက လက်ထပ်ပြီးသားစုံတွဲတွေရဲ့ သားသမီး မထွန်းကားမှုနှုန်းထားဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ၂ ဒသမ ၅ ရာခိုင်နှုန်းကနေ ၃ ရာခိုင်နှုန်းအထိ ရှိခဲ့ပေမယ့် ၂၀၁၈ ခုနှစ်မှာ ၁၂ ကနေ ၁၅ ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့ ဖော်ပြထားပါတယ်။
အမျိုးသမီးတွေအနေနဲ့ လုပ်ငန်းခွင် ဖိအားတွေ၊ ပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းမှုတွေကြောင့်နဲ့ အသက်အရွယ်ရတဲ့အထိ မိခင်ဖြစ်ခွင့်ကို ရွှေ့ဆိုင်းထားတာတွေကြောင့် အခုလိုမျိုး သားသမီး မရရှိမှုမြင့်တက်လာဖြစ်တယ်လို့လည်း အဲ့ဒီကော်မရှင်က ဆိုပါတယ်။
၂၀၀၁ ခုနှစ်မှာတော့ တရုတ်နိုင်ငံဟာ အငှားကိုယ်ဝန်ဆောင်တဲ့ ပုံစံအားလုံးကို တားမြစ်ထားပါတယ်။ အဲ့ဒီစည်းမျဉ်းတွေကို ချိုးဖောက်တဲ့ ဆေးဝန်ထမ်းနဲ့ အဖွဲ့အစည်းတွေဟာ ဒဏ်ကြေး ယွမ် ၃ သောင်းအထိ ဒဏ်တပ်ခံရနိုင်ပါတယ်။
Ref: asiaone