Shwe FM ရေဒီယိုရဲ့ (၁၁) နှစ်ပြည့် နှစ်ပတ်လည် ပွဲကြီးမှာ “အနားနားမှာ” သီချင်းနဲ့ “ရွှေပရိသတ် အတောင်းခံရဆုံး မြန်မာသံ တေးသံရှင်ဆု” ကို ရရှိခဲ့တဲ့အပေါ် တေးသံရှင် မေသက်ထားဆွေက အခုလိုပဲ ပြောပါတယ်။
“အခုလို ဆုရတာ အရမ်းဝမ်းသာ ဂုဏ်ယူပါတယ်။ သမီးအတွက်လည်း အမှတ်တရ ဖြစ်ရပါတယ်။ မှတ်တိုင်လို့လည်း ပြောလို့ ရတယ်။ ပရိသတ်တွေရဲ့ တောင်းဆိုခြင်း ခံရလို့ အခုလို ဆုရတဲ့အတွက် အရမ်းဝမ်းသာ ဂုဏ်ယူပါတယ်”
“သမီးကို ဖုန်းဆက်ထားတယ်။ ဆန်ခါတင် စာရင်းမှာ ပါဝင်လို့ ပြင်ဆင်ထားပေးပါဆိုပြီး ပြောတယ်။ ရ၊ မရတော့ မသိဘူး။ ဒီသီချင်းလေးနဲ့တော့ ဆုရချင်တယ်။ ဒါပေမဲ့ ကိုယ့်ရှေ့က အစ်ကို၊ အစ်မတွေလည်း ပါတော့ ဘယ်သူရရပါ။ အားပေးမယ်ဆိုပြီး တီဗီကို ကြည့်နေကြတာ။ နာမည်လည်း ကြေညာရော အရမ်းပျော်သွားတာ။ အရမ်း Surprise ဖြစ်ရတယ်”လို့ မေသက်ထားဆွေက ပြောပါတယ်။
“အနားနားမှာ” သီချင်းက မေသက်ထားဆွေအတွက် မှတ်တိုင် တခုလိုဖြစ်ပြီး နယ်တွေ သွားတဲ့အခါလည်း ပရိသတ်တွေက တောင်းဆိုကြတယ်လို့ ဆိုပါတယ်။
“အနားနားမှာ သီချင်းက သမီးအတွက် မှတ်တိုင်တခုပါပဲ။ ဒီသီချင်းကလည်း အမှတ်တရတွေ ရှိတယ်။ အဲ့သီချင်းကို သမီး ၉ တန်းနဲ့ ရိုက်ထားတာ။ အခုမှ ပရိသတ်တွေ ရင်ထဲကို ပိုရောက်တာပေါ့။ နယ်တွေ သွားလည်း ပရိသတ်တွေက အရမ်းတောင်းဆိုကြတယ်။ FM တွေ မှာလည်း တောင်းဆိုတော့ အခုလို ဆုလေး ရချင်ခဲ့တာ ဆန္ဒလေး ပြည့်ပါပြီ”လို့ မေသက်ထားဆွေက ပြောပါတယ်။
တေးသံရှင် မေသက်ထားဆွေကတော့ မြန်မာသံနဲ့ စတူဒီယိုသံ နှစ်ခုစလုံး ကြိုးစားမှာမို့ အားပေးကြပါဦးလို့ ဆိုပါတယ်။
“သမီးက ငယ်ငယ်ကတည်းက ပြိုင်ပွဲတွေမှာ မြန်မာသံရော၊ စတူဒီယိုရော သီဆို ယှဉ်ပြိုင်ခဲ့တယ်။ နှစ်ခုလုံးကိုလည်း ကြိုက်နှစ်သက်တယ်။ မေသက်ထားဆွေ ဆိုပြီး လက်ခံတာက စန္ဒကိန္ဒရီ သီချင်းနဲ့ ပရိသတ်တွေက လက်ခံကြတော့ မြန်မာသံစဉ်နဲ့ တံဆိပ်ထုထားသလို ဖြစ်တော့ မြန်မာသံစဉ်ကို ပရိသတ်ကလည်း အားပေးတော့ မြန်မာသံစဉ်တွေကို ပိုဆိုဖြစ်ပါတယ်။အဲ့အတွက် စတူဒီယိုကိုရော၊ မြန်မာသံစဉ်ရော နှစ်ခုလုံးကို ကြိုးစားမှာမို့ အားပေးကြပါဦး”လို့ ပြောပါတယ်။
ငယ်စဉ်ကတည်းက အဆိုပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေရဲ့အားပေးမှုကို ရရှိခဲ့တဲ့ မေသက်ထားဆွေဟာ အသက် ၉ နှစ် အရွယ်ကတည်းက မြန်မာသံစဉ် သီချင်းများကို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်တဲ့ ဆယ်ကျော်သက် အနုပညာရှင်တဦး ဖြစ်ပါတယ်။
You may also like these stories:
“Semi Final မှာ သီဆိုခဲ့တာ အားရမှု အရှိဆုံးပါ”လို့ ပြောတဲ့ N Oo L
The Voice Myanmar Season 3 ရဲ့ ဖိုင်နယ် ပြိုင်ပွဲဝင် ၄ ဦး ပေါ်ထွက်
စိုင်းစိုင်းခမ်းလှိုင်နဲ့ 2NE1 အဖွဲ့ဝင်ဟောင်း Park Bom တို့ရဲ့ ပထမဆုံး Collaboration