တခေတ်တခါက နာမည်ကျော်ကြားခဲ့တဲ့ တေးသံရှင်၊ ရုပ်ရှင်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ မင်းသမီးကြီး အေးအေးသင်းဟာ ယနေ့၊ ဒီဇင်ဘာလ ၁၇ ရက်နေ့၊ မနက် ၆ နာရီ ၁၅ မိနစ် အချိန်မှာ နှလုံးရောဂါနဲ့ မှော်ဘီမြို့ရှိ သူ့ရဲ့ နေအိမ်မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
“မြန်မာ့ရုပ်ရှင် ထူးချွန်ဆု နှစ်ကြိမ် ရရှိခဲ့သော ရုပ်ရှင်သက်ကြီး ကန်တော့ခံ မင်းသမီးကြီး ဒေါ်အေးအေးသင်း ယနေ့ နံနက် ၆ နာရီ ၁၅ မိနစ်တွင် မှော်ဘီမြို့၊ နေအိမ်တွင် ကွယ်လွန် အနိစ္စ ရောက်သွားပြီ ဖြစ်သည်”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌ ဦးအေးကြူလေးက အသိပေးထားပါတယ်။
မင်းသမီးကြီး အေးအေးသင်းကို ရုပ်ရှင်အစည်းအရုံးအနေနဲ့ လစဉ် သက်ကြီး ထောက်ပံ့ ကန်တော့ငွေများ သွားရောက် ပေးဖြစ်ပြီး၊ အခုလို ကွယ်လွန်သွားတဲ့အတွက်လည်း စိတ်မကောင်းဖြစ်ရတယ်လို့ ဦးအေးကြူလေးက ဆိုပါတယ်။
မင်းသမီးကြီး အေးအေးသင်းဟာ ငယ်စဉ်ကတည်းက စာရေးခြင်း၊ သီချင်းဆိုခြင်း၊ အနုပညာကို ဝါသနာပါခဲ့ပြီး ၁၉၆၂ ခုနှစ်၊ အသက် ၁၇ နှစ်အရွယ်မှာ တေးသံရှင် စဖြစ်ခဲ့ပါတယ်။
“ရွှေမင်းသမီးနဲ့ လမ်းဘေးသီချင်းသည်” ၊ “မောင့်ကိုပြောရဦးမယ်” ၊ “လှောင်” ၊ “ကမ္ဘာစစ်ကြီး တားဆီးရေးတေးသံ” ၊ “တောင်သူလယ်သမား မော်ကွန်းဝင်” ၊ “ဆင်းရနံ့ကြိုင်တဲ့ မြိုင်” ၊ “အမုန်းခံမလေးရဲ့ ဆန္ဒမွန်”၊ “ပညာရေး သမီးငယ်မို့ပါရှင်” စတဲ့ ဓာတ်ပြားရ သီချင်းများစွာ သီဆိုခဲ့သူ ဖြစ်ပါတယ်။
အဲ့ဒီနောက် ဂီတလောကမှ ရုပ်ရှင်လောကသို့ ကူးပြောင်းလာခဲ့တဲ့ အေးအေးသင်းဟာ ၁၉၇၁ ခုနှစ်မှာ “မာယာထောင်ချောက်” ရုပ်ရှင်ဇာတ်ကား၊ ၁၉၇၃ ခုနှစ်တွင် “ဇာခန်းဆီး နောက်ကွယ်မှာ” ရုပ်ရှင်ဇာတ်ကားတို့နဲ့ အမျိုးသမီးဇာတ်ပို့ဆု အကယ်ဒမီ ၂ ဆု ရရှိခဲ့သူ ဖြစ်ပါတယ်။
ဒါ့အပြင် မင်းသမီးကြီး အေးအေးသင်းဟာ ရုပ်ရှင်မင်းသားကြီး ဝင်းဦးနဲ့ ရိုက်ကူးခဲ့တဲ့ “ဆောင်းအိပ်မက်” ရုပ်ရှင်၊ “မပြန်ပါနဲ့ ချစ်လိပ်ပြာ”၊ “နှမမယ်ထွေး ငယ်ပါသေးတယ်” စတဲ့ ရုပ်ရှင် ဇာတ်ကားများကလည်း ပရိသတ်တွေကြားမှာ အထူးအားပေးမှု ရရှိခဲ့ပါတယ်။
ကွယ်လွန်ချိန်မှာတော့ မင်းသမီးကြီး အေးအေးသင်းဟာ အသက် ၇၅ နှစ် အရွယ် ရှိပြီ ဖြစ်ပါတယ်။
You may also like these stories:
Rating System ဖြစ်ဖို့ အလွှာပေါင်းစုံက လောကသားတွေရဲ့ ထောက်ခံမှု လိုအပ်
အသက် ၄၁ နှစ်ပြည့် စိုးမြတ်နန္ဒာရဲ့ မွေးနေ့ဆုတောင်း
“ဆင်ဆာအဖွဲ့အနေနဲ့ အမြင်ကျယ်ကျယ်ထားပြီး Rating System လုပ်သင့်တယ်”