မင်းသားကြီး အာနိုးရှာဝါဇနက်ဂါဟာ ပရိသတ် ၁၁၅ ဦးနဲ့အတူ တွေ့ဆုံပွဲ တခုအတွက် ဝင်ငွေ ဒေါ်လာ ၁ သိန်း ၃ သောင်းခွဲ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
အသက် ၇၃ နှစ်အရွယ် ဟောလိဝုဒ် မင်းသားကြီး အာနိုးဟာ အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့မှာ ပြုလုပ်မယ့် အဲ့ဒီအခမ်းအနားမှာ ဓာတ်ပုံ ရိုက်တာနဲ့ လက်ဆွဲ နှုတ်ဆက်မှုအတွက် စတာလင်ပေါင် ၇၅၀ သတ်မှတ်ထားတယ်လို့ The Sun သတင်းစာမှာ ဖော်ပြပါတယ်။
ပရိသတ်တွေကတော့ မင်းသားကြီးနဲ့ ရိုက်ကူးနိုင်မယ့် ဓာတ်ပုံ ၂ ပုံနဲ့အတူ အကန့်အသတ်နဲ့ ပြုလုပ်မယ့် အစီအစဉ်၊ မေးခွန်း မေးမြန်းနိုင်မယ့် အစီအစဉ်တွေမှာလည်း ပါဝင်ခွင့်ရမှာ ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ကယ်လီဖိုးနီးယားပြည်နယ်၊ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူခဲ့သူ မင်းသားကြီး အာနိုးက အဲ့ဒီနေ့အတွက် ဝင်ငွေ ပေါင် ၇ သောင်းကျော် ရမယ်လို့လည်း ဆိုပါတယ်။
အဲ့ဒီအခမ်းအနားကိုတော့ လာမယ့်နှစ် အောက်တိုဘာလကျရင် ဘာမင်ဂန်မြို့က NEC Arena မှာ ပြုလုပ်မှာဖြစ်ပြီး “ကျန်းမာကြံ့ခိုင်မှုနဲ့ အစာအာဟာရ စားသောက်မှုကို ဂုဏ်ပြုခြင်း”ဆိုတဲ့ နာမည်နဲ့ စာရင်းသွင်းထားတယ်လို့ ဆိုပါတယ်။ အဲ့ဒီ “Arnold Sports Festival” မှာတော့ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ရေး၊ အလေးမ၊ ကိုယ်ခံပညာနဲ့ ပန်းပွားအကတွေကို ထည့်သွင်း ပြသမှာလည်း ဖြစ်ပါတယ်။
အရင်တုန်းကတော့ မင်းသားကြီး အာနိုးဟာ သမ္မတ ထရမ့်က သူနဲ့ သူ့ရဲ့ အောင်မြင်မှုကို မနာလိုဖြစ်နေတယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။ မင်းသားကြီးဟာ အရင်တုန်းကတော့ ဘီလျံနာ စီးပွားရေး လုပ်ငန်းရှင်တဦးနဲ့ မိတ်ဆွေဖြစ်ခဲ့ပြီး မကြာသေးခင်နှစ်တွေကမှ သူတို့နှစ်ဦး ဆက်ဆံရေး ပြတ်တောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
မင်းသားကြီးက “သူက ကျနော့်လို ဖြစ်ချင်နေတယ်လို့ ထင်တယ်။ အဲ့ဒါကို ကျနော် တွေ့ခဲ့တယ်။ သူက ကျနော့်လိုပုံစံ ဖြစ်စေချင်တယ်လို့ ဆိုတယ်။ သူက ကျနော့်လို သရုပ်ဆောင်နိုင်ပါစေလို့ ဆုတောင်းတယ်။ ကျနော့်လိုမျိုးလည်း သူက ဉာဏ်ကောင်းချင်တယ်” လို့ ဆိုပါတယ်။
သမ္မတ ထရမ့်နဲ့ ကတောက်ကဆ ပြဿနာလေးတွေ ရှိပေမယ့် အမေရိကန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အကြီးကျယ် အမြင့်မြတ်ဆုံးနိုင်ငံ ဖြစ်တယ်ဆိုတာကိုတော့ မင်းသားကြီးက ဝန်ခံထားပါတယ်။
သြစတြီးယားနိုင်ငံမှာ မွေးဖွားခဲ့ပေမယ့် အမေရိကန်နိုင်ငံကို ပြောင်းရွှေ့နေထိုင်ခဲ့တဲ့ မင်းသားကြီးက “ကမ္ဘာပေါ်မှာ အကြီးမားဆုံး ပြောင်းရွှေ့နေထိုင်မှု ဇာတ်လမ်းက ရှိနေဆဲပါပဲ။ ဘယ်သူကမှ ကျနော့်ကိုတော့ အာဖရိက ပို့ပေးပါလား၊ အာရှကို ပို့ပေးပါလားလို့တော့ လာမပြောကြဘူး။ သူတို့အားလုံးက အမေရိကန်နိုင်ငံကို ပဲလာချင်နေကြတယ်။ ဘာကြောင့်လဲဆိုတော့ အမေရိကန်ဟာ ကမ္ဘာပေါ်မှာ အကြီးကျယ် အမြင့်မြတ်ဆုံးနိုင်ငံ ဖြစ်နေလို့ပါပဲ” လို့ ဆိုပါတယ်။
Ref: asiaone
You may also like these stories:
ကိုဗစ်စည်းကမ်း မလိုက်နာတဲ့ ရိုက်ကူးရေး ဝန်ထမ်းတွေကို Tom Cruise မောင်းထုတ်
မျက်လှည့်ပညာရှင် Harry Houdini အကြောင်း ရိုက်မယ့် ရုပ်ရှင်မှာ Ben Affleck ပါဝင်မည်
လိင်စိတ်တိမ်းညွှတ်မှု ကောလာဟလတွေကြောင့် စိတ်ထိခိုက်ခဲ့ရတဲ့ Shawn Mendes