မင်းသား Johnny Depp အနေနဲ့ “Pirates of the Caribbean” ရုပ်ရှင်တွေမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်လာနိုင်ခွင့် အားလုံးကို Disney က တားမြစ် ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။
အသက် ၅၇ နှစ်အရွယ်၊ မင်းသား Depp ဟာ ယူကေနိုင်ငံမှာ ဇနီးကို ရိုက်နှက်သူအဖြစ် ဖော်ပြခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အသရေဖျက်မှု မရင်ဆိုင်ရချိန်ကတည်းက Disney ကုမ္ပဏီဘက်က မင်းသားနဲ့ ခပ်တန်းတန်းသာ နေခဲ့တယ်လို့ The Hollywood Reporter မီဒီယာမှာ ဖော်ပြထားပါတယ်။
အမှုဆောင်ထုတ်လုပ်သူ Jerry Bruckheime က မင်းသမီး Margot Robbie က ခေါင်းဆောင်ပါဝင်မယ်လို့ သတင်းထွက်နေပြီး အမျိုးသမီး ဇာတ်ကောင် ဦးဆောင်မယ့် ရုပ်ရှင်ကားမှာ မင်းသားအား ဧည့်သည် သရုပ်ဆောင်အနေနဲ့ ပြန်ခေါ်မယ့် အစီအစဉ်ကို Disney က ပယ်ချလိုက်တယ်လို့လည်း ဆိုပါတယ်။
မင်းသား Depp ဟာ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ ထွက်ရှိခဲ့တဲ့ “Pirates of the Caribbean” ရုပ်ရှင် ၅ ကားလုံးမှာ နာမည်ကျော် ဇာတ်ကောင် Captain Jack Sparrow အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။
အမှုဆောင်ထုတ်လုပ်သူ Bruckheimer ကတော့ အဲ့ဒီ ရုပ်ရှင် ၅ ကားလုံးကို ထုတ်လုပ်ခဲ့သူဖြစ်ပါတယ်။ The Hollywood Reporter မီဒီယာရဲ့အဆိုအရ Bruckheimer ဟာ Depp အတွက် အကြီးအမားဆုံး အပေါင်းအဖော်တယောက် ဖြစ်တယ်လို့ သိရပါတယ်။
မင်းသား Depp ကို Sparrow အဖြစ် ရုပ်ရှင်ထဲမှာ ပြန်လည် မြင်တွေ့ရဖို့ အွန်လိုင်းပေါ်မှာ သန်းပေါင်းများစွာသော ပရိသတ်တွေက အသနားခံစာ တင်ပြီး လက်မှတ်ရေးထိုး လှုပ်ရှားမှုများစွာကိုလည်း လုပ်ဆောင်ခဲ့ကြပါတယ်။ အဲ့ဒီလို ပရိသတ်တွေရဲ့ တောင်းဆိုမှုတွေ ရှိနေပေမယ့် Disney ကတော့ မင်းသားနဲ့ ခပ်ခွာခွာသာ ပြောဆို ဆက်ဆံခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့တဲ့ သတင်းတပုဒ်ကတော့ မင်းသား Depp ဟာ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Aquaman” ရုပ်ရှင်မှာ ဇနီးဟောင်း Amber Heard ပါဝင် သရုပ်ဆောင်လို့ မရအောင် ကြိုးပမ်းခဲ့ဖူးဆိုတဲ့ သတင်းဖြစ်ပါတယ်။
မင်းသားက အဲ့ဒီရုပ်ရှင်အပေါ်မှာ လွှမ်းမိုးမှု တော်တော်များများရှိတဲ့ Warner Bros. မှ ထုတ်လုပ်သူတဦးဖြစ်သူ သူ့ရဲ့ အစ်မ Christi Dembrowski ထံ မက်ဆေ့ချ် ပို့ခဲ့ပြီး မင်းသမီး Heard ကို ရုပ်ရှင်ကနေ ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
မင်းသားက “ကျနော်သူ့ကို WB ရုပ်ရှင်ကနေ ဖယ်ရှားပေးစေချင်ပါတယ်” လို့ Dembrowski ထံရေးသားခဲ့တယ်လို့် သိရပါတယ်။ အွန်လိုင်းပေါ်မှာ လက်မှတ်ပေါင်း ၁ ဒသမ ၅ သန်းကျော် ရရှိခဲ့ပြီး “Aquaman 2” ရုပ်ရှင်ကနေ မင်းသမီး Heard ကို ဖယ်ရှားပေးဖို့ တောင်းဆိုမှုတခု ထွက်ပေါ်လာပြီး ရက်အနည်းငယ်အကြာမှာ အဲ့ဒီသတင်း ထွက်လာတာ ဖြစ်ပါတယ်။
Depp ရဲ့ ပရိသတ်တွေကတော့ မင်းသမီး Heard ဟာ မင်းသားရဲ့ အနုပညာလုပ်ငန်းကို စနစ်တကျ ပျက်စီးစေခဲ့တယ်လို့် ပြောဆိုနေခဲ့ကြပါတယ်။ မင်းသမီး Heard ဟာ Aquaman ရုပ်ရှင်မှာ ဆက်ရှိနေဦးမှာ ဖြစ်ပေမယ့် မင်းသား Heard ကတော့ “Fantastic Beasts and Where to Find Them” ရုပ်ရှင်မှာ Grindelwald အဖြစ် ပါဝင်ခွင့်ကနေ ဖယ်ရှားခံလိုက်ရပြီး ဖြစ်ပါတယ်။
Ref: nzherald
You may also like these stories:
ထင်မှတ်မထားတဲ့ ကိုဗစ်ရောဂါ လက္ခဏာ ခံစားခဲ့ရတဲ့ Ellen DeGeneres
လာမယ့်နှစ်မှာ ပရိသတ် တွေ့ဆုံပွဲ ပြုလုပ်မယ့် မင်းသားကြီး အာနိုး
ကိုဗစ်စည်းကမ်း မလိုက်နာတဲ့ ရိုက်ကူးရေး ဝန်ထမ်းတွေကို Tom Cruise မောင်းထုတ်