Entertainment

အချစ်ရေး ကံကောင်းခဲ့တဲ့ မော်ဒယ် အောန်ဆိုင်း

Want create site? Find Free WordPress Themes and plugins.

စူပါမော်ဒယ် အောန်ဆိုင်းကတော့ မကြာသေးခင်အချိန်က ချစ်သူရဲ့ လက်ထပ်ခွင့် တောင်းခံခဲ့ရပြီး သူ့ရဲ့အချစ်ရေး ကံကောင်းတဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။

“အောန်ဆိုင်းက တကယ်လည်း ကံကောင်းပါတယ်။ ကိုယ်က တကယ်နေနေရတဲ့သူ ဖြစ်တဲ့အတွက် သူတို့ရဲ့ ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်မှု၊ အလေးထားမှု၊ တန်ဖိုးထားမှုကို ခံစားရတယ်။ နောက်ပြီးတော့ ကိုယ့်ကို အရှိအတိုင်း လက်ခံပေးတယ်။ အရမ်းတော်နေ၊ အရမ်းလိမ္မာနေလို့ မဟုတ်ဘူး။ ဒီတိုင်းနေတာလေးကို လက်ခံပြီး ချစ်ပေးတာဆိုတော့ ကံကောင်းပါတယ်။ သူလည်း ကံကောင်းပါတယ်။ ကိုယ်လည်း ကိုယ့်တန်ဖိုးကိုယ် သိတယ်ဆိုတော့” လို့ အောန်ဆိုင်းက ပြောပါတယ်။

သူငယ်ချင်းတယောက်ရဲ့အိမ်မှာ ညစာသွားစားရင်းနဲ့ တွေ့ဆုံခဲ့ကြပေမယ့် အောန်ဆိုင်းကတော့ စတွေ့တုန်းက မကြိုက်ခဲ့ပေမယ့် တန်ဖိုးထားပြီး ချစ်ပေးတာကြောင့် လက်တွဲဖြစ်သွားတာလို့ သိရပါတယ်။

မကြာသေးခင်က လက်ထပ်ခွင့် တောင်းခံခဲ့ရတဲ့ အောန်ဆိုင်း (ဓာတ်ပုံ – Awn Seng’s Facebook)

“သူက ကိုယ့်ကို အသည်းအသန် လိုက်ကြိုက်တယ်။ အောန်ဆိုင်းက ဘဝမှာ အဲ့လောက် ရည်းစားထားချင်စိတ် မရှိဘူး။ မိသားစုနဲ့အလုပ်က နံပါတ် (၁)၊ ရည်းစားကရှိလည်း ဖြစ်တယ်။ မရှိလည်း ဖြစ်တယ်။ ဒိတ်သွားမယ့် စိတ်ကူးလည်း အဲ့လောက် မရှိဘူး။ သူအရမ်းကြိုက်လည်း ပြန်မကြိုက်ရဲဘူး။ ကြိုက်ပြီးမှ ပြတ်သွားရင် နာမည်ပဲ ကျန်ခဲ့မယ်ပေါ့။ ဒါလည်း ကိုယ့်စိတ်ကူးပေါ့။ မာနနည်းနည်း ရှိတယ် ဆိုတော့ အချိန်နည်းနည်း ဆွဲလိုက်တယ်။ မတွဲဖြစ်ဘူးပေါ့”

“သူကတော့ တော်တော်လေးတော့ စိတ်ရှည်လိုက်ပါတယ်။ ကြားထဲမှာ မလိုက်ဖြစ်တော့ဘူး။ နောက်ကျတော့ နောက်တခေါက် ပြန်လိုက်တယ်။ အဲ့မှာ သူ့ကို နားလည်လိုက်တယ်။ ကိုယ့်ကို တန်ဖိုးထားတယ်ပေါ့။ မဆိုးဘူးပေါ့။ နောက်ဆုံးကျတော့ ရည်းစားဖြစ်ချင်တယ်ဆိုရင် သေချာ Propose လုပ်ဆိုပြီး သေချာတောင်းဆိုတော့ ရည်းစားဖြစ်သွားတာပေါ့” လို့ အောန်ဆိုင်းက ပြောပါတယ်။

အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း တယောက်နဲ့ တယောက် ရင်ထဲရှိနေဖို့ပဲ လိုအပ်ပြီး ချစ်သူကတော့ သူ့အပေါ်မှာ စိတ်လုံခြုံမှုပေးတယ်လို့ ဆိုပါတယ်။

မကြာခင် လက်ထပ်တော့မယ့် အောန်ဆိုင်းတို့ စုံတွဲ (ဓာတ်ပုံ – Awn Seng’s Facebook)

“အောန်ဆိုင်းတို့ ဇာတ်လမ်းက ဘာလဲဆိုရင် တယောက်နဲ့ တယောက်က ရင်ထဲရှိဖို့ပဲ လိုတယ်။ ရိုတာတွေဘာတွေ သိပ်မလုပ်ဖြစ်ဘူး။ စိတ်ထဲမှာ တကယ်ရှိရင် ရပြီ။ အချစ်ရေးဆိုရင် တယောက်နဲ့ တယောက်က နှလုံးသားချင်း ဘယ်လောက်နီးလဲ ဆိုတာပေါ့။ သူကိုယ့်ကို ပေးတဲ့ အချစ်က ဘယ်လိုအချစ်လဲဆိုရင် အရမ်းစိတ်ချရတယ်။ အရမ်းနွေးထွေးတယ်။ အရမ်းပံ့ပိုးပေးတယ်”

“စိတ်ချရတယ်ဆိုတာကလေ ဘယ်လို အခြေအနေမျိုးမှာမဆို ကိုယ့်အနားမှာ ရှိနေမယ်။ နားလည်ပေးမယ်။ ခွင့်လွှတ်ပေးမယ်။ အနာဂတ်က ဘာဖြစ်မယ် မသိဘူး။ တွဲတဲ့ တောက်လျှောက်လုံးတော့ ဒီခံစားချက်ပဲ ပေးခဲ့တယ်။ အလုပ်လုပ်တဲ့ အချိန်လည်း သူကြိုက်ပါ့မလားလို့ မစဉ်းစားခဲ့ဖူးဘူး။ ဘာပဲဖြစ်ဖြစ် သူရှိနေမယ်ဆိုတာ သိနေတယ်။ အဲ့တချက်ကို ကြည့်ရင် သူကိုယ့်ကို ချစ်တယ်ဆိုတာ သိနေတယ်” လို့ ပြောပါတယ်။

လက်ထပ်မယ့်အကြောင်းကိုတော့ အစီအစဉ် တခုအနေနဲ့ ပြောပြမှာဖြစ်ပြီး လက်ထပ်ပြီးရင်လည်း မော်ဒယ် ဆက်လုပ်ချင်သေးတယ်လို့ သိရပါတယ်။ အောန်ဆိုင်းကတော့ သူ့ရဲ့ သူငယ်ချင်းများက ဒီဇင်ဘာ ၁၇ ရက်နေ့က Bridal Shower လုပ်ပေးခဲ့တဲ့အကြောင်းကို ဒီနေ့၊ ဒီဇင်ဘာ ၁၈ ရက်မှာ Live လွှင့်ရင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

You may also like these stories:

ဘဝလက်တွဲဖော်နဲ့ မိတ်ဆက်ပေးခဲ့တဲ့ စူပါမော်ဒယ် အောန်ဆိုင်း

သရုပ်ဆောင်တယောက်အနေနဲ့ မြင်တွေ့ရဦးမယ့် အောန်ဆိုင်း

Did you find apk for android? You can find new Free Android Games and apps.
Loading