မကြာသေးခင် ရက်ပိုင်းအတွင်းက ပရိသတ်တွေကို အသိပေးခဲ့တဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်နဲ့ တောင်ကိုရီးယား အဆိုတော် Park Bom တို့ ပူးပေါင်း ထွက်ရှိမယ့် သီချင်းသစ် “Red Light” သီချင်းကို ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ နားဆင်နိုင်မယ်လို့ သိရပါတယ်။
အဲဒီ သီချင်းအကြောင်းကို စိုင်းစိုင်းခမ်းလှိုင်က ဒီဇင်ဘာ ၁၄ ရက်မှာ အရိပ်အမြွက် ကြေညာခဲ့ပြီး၊ သီချင်း ထွက်ရှိမယ့်ရက်ကိုတော့ ဒီကနေ့မှာ တရားဝင် ကြေညာလိုက်တာ ဖြစ်ပါတယ်။
“Red Light သီချင်းကို ဒီဇင်ဘာ ၂၁ ရက်နေ့၊ မြန်မာစံတော်ချိန် မနက် ၉ နာရီခွဲ (ကိုးရီးယားစံတော်ချိန် နေ့လယ် ၁၂ နာရီ) မှာ စတင်ပြီး အောက်ပါ App တွေကနေတဆင့် နားဆင်ရမှာ ဖြစ်ပါတယ်”လို့ စိုင်းစိုင်းခမ်းလှိုင်က ပရိသတ်တွေကို အသိပေး ကြေညာထားပါတယ်။
“Spotify , Apple Music , Joox App တွေမှာ Stream လို့ ရပါတယ်။ Melon, Bugs, Genie, Vibe , Flo , iTune , SaiSai Pay တို့မှာ ဝယ်ယူ နားဆင်နိုင်ပါတယ်။ ပြည်တွင်း ပရိသတ်များအနေနဲ့ Joox မှာ Stream လုပ်ပြီး နားဆင်လို့ ရသလို၊ ဝယ်ယူအားပေး ပံ့ပိုးမယ်ဆိုရင်တော့ SaiSai Pay မှာ ဝယ်ယူနားဆင်နိုင်ပါတယ်”လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။
အဆိုပါ “Red Light” သီချင်း ဗီဒီယိုကိုတော့ YouTube, Facebook နဲ့ ဆိုရှယ် မီဒီယာတွေမှာ ကြည့်ရှုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
“ကျနော့် ဘဝမှာ ပထမဆုံးအကြိမ် နိုင်ငံတကာ အနုပညာရှင်တွေနဲ့ သီချင်းတွဲဖက် ဖန်တီး ထုတ်လုပ်ခွင့် ရတာ ဖြစ်တဲ့အတွက် တော်တော့်ကို ရင်ခုန် စိတ်လှုပ်ရှားနေပါတယ်။ ပရိသတ်များရဲ့ အားပေး ဝန်းရံမှုကိုလည်း ယုံကြည် မျှော်လင့်နေကြောင်းပါ ခင်ဗျာ”လို့ စိုင်းစိုင်းခမ်းလှိုင်က ဆိုပါတယ်။
ဒီသီချင်းကတော့ စိုင်းစိုင်းခမ်းလှိုင်နဲ့အတူ တောင်ကိုရီးယားနိုင်ငံရဲ့ ကမ္ဘာကျော် K-pop အမျိုးသမီး အဆိုတော်အဖွဲ့ “2NE1” အဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်း Park Bom တို့ ပထမဆုံး Collaboration လုပ်တဲ့ သီချင်း ဖြစ်ပါတယ်။
Park Bom အနေနဲ့လည်း ဒါဟာ ပထမဆုံးအကြိမ် နိုင်ငံခြားမှ အနုပညာရှင်တယောက်နဲ့ လက်တွဲလုပ်ကိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုတော် Park Bom ဟာ 2NE1 အဖွဲ့ ဖျက်သိမ်းလိုက်ပြီး နောက်ပိုင်း ၂၀၁၉ ခုနှစ်မှ စတင်ကာ တကိုယ်တော် ရပ်တည်နေသူ ဖြစ်ပါတယ်။
အဆိုတော် စိုင်းစိုင်းခမ်းလှိုင်နဲ့ Park Bom တို့ရဲ့ ပထမဆုံး ပူးပေါင်း ထွက်ရှိမယ့် “Red Light” သီချင်းကိုတော့ ပရိသတ်တွေ စောင့်မျှော်နေကြပြီပဲ ဖြစ်ပါတယ်။
You may also like these stories:
စိုင်းစိုင်းခမ်းလှိုင်နဲ့ 2NE1 အဖွဲ့ဝင်ဟောင်း Park Bom တို့ရဲ့ ပထမဆုံး Collaboration