“Wonder Woman 1984” ရုပ်ရှင်ကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းကစလို့ တရုတ်နိုင်ငံတွင်းမှာ ရှိတဲ့ ရုပ်ရှင်ရုံတွေမှာ စတင်ပြသခဲ့ပြီး ဝင်ငွေဒေါ်လာ ၁၈ ဒသမ ၈ သန်းသာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ကမ္ဘာတဝန်းကနေ ဝင်ငွေဟာ ဒေါ်လာ ၃၈ ဒသမ ၅ သန်းပဲ ရခဲ့တယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံမှာ ရုံတင်ခဲ့တဲ့ ပထမဆုံး “Wonder Woman” ရုပ်ရှင်ဟာ အဖွင့် သီတင်းပတ် ဝင်ငွေ ဒေါ်လာ ၃၈ သန်းကျော် ရရှိခဲ့ဖူးတာကြောင့် အခုဒုတိယမြောက် နောက်ဆက်တွဲ ရုပ်ရှင် အဖွင့်မလှခဲ့ဘူးလို့ ဆိုရမှာပါ။
တရုတ်နိုင်ငံဟာ ကျန်းမာရေးဆိုင်ရာ ကပ်ဘေးကြုံနေရချိန်မှာ အသက်ရှုချောင်စေဖို့ လုပ်ဆောင်ချက်အနေနဲ့ ရုပ်ရှင်ရုံတချို့ကို ပြန်လည် ဖွင့်လှစ်နေပြီ ဖြစ်ပေမယ့် နိုင်ငံတဝန်းလုံးကနေ ရတဲ့ ရုံဝင်ငွေကတော့ ၃၀ ရာခိုင်နှုန်းအထိ ထိုးကျနေတယ်လို့ ဆိုပါတယ်။
အခုလိုမျိုး အဖွင့်ပွဲစဉ်တွေမှာ အခြေအနေမလှတာ “Wonder Woman 1984” ရုပ်ရှင်တကားတည်းတော့ မဟုတ်ပါဘူး။ တရုတ် အက်ရှင်ဇာတ်လမ်း “The Rescue”ဟာလည်း ကနဦး သီတင်းပတ်မှာ ဝင်ငွေဒေါ်လာ ၃၆ သန်းအောက်ပဲ ရရှိခဲ့တာကို တွေ့ရပါတယ်။ ဒါ့ကြောင့် ရုံတင်ပြသခွင့်နည်းတဲ့ အခြေအနေကြောင့် အဲ့ဒီရုပ်ရှင်ဟာ ငွေတွေဆုံးရှုံးမယ်ဆိုတဲ့ အခြေအနေကို ပြသနေတာလည်း ဖြစ်ပါတယ်။
“Wonder Woman 1984” ရုပ်ရှင်ဟာ အခုလာမယ့် အားလပ်ရက်တွေမှာ ပြသဖို့ ကြံရွယ်ထားတဲ့ ရုပ်ရှင်တွေထဲက တကား ဖြစ်ပေမယ့် လက်ရှိမှာ COVID-19 ကူးစက် ပျံ့နှံ့မှုက ဆက်လက် မြင့်တက်နေဆဲ ဖြစ်ပါတယ်။ Warner Bros. ကတော့ အဲ့ဒီရုပ်ရှင်ကို ရုံတင်မယ့် ဒီဇင်ဘာလ ၂၅ ရက်နေ့ တရက်တည်းမှာပဲ အမေရိကန်နိုင်ငံတွင်းမှာတော့ HBO Max ကနေ ပွဲဦးထွက် ပြသဖို့ ပြင်ဆင်ထားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ “Wonder Woman 1984” ကို ရုပ်ရှင်ဈေးကွက်ပေါင်း ၃၂ ခုမှာ စတင်ပြသခဲ့ပြီး ဖြစ်ပါတယ်။ ထိုင်ဝမ်မှာ ဒေါ်လာ ၃ ဒသမ ၆ သန်း၊ ထိုင်းမှာ ဒေါ်လာ ၂ သန်း၊ ဘရာဇီးမှာ ဒေါ်လာ ၁ ဒသမ ၇ သန်း၊ မက္ကဆီကိုနဲ့ ဂျပန်နိုင်ငံတွေမှာ ဒေါ်လာ ၁ ဒသမ ၆ သန်းအထိ ရရှိခဲ့ပါတယ်။
အခုရုပ်ရှင်မှာတော့ အမေဇုန် စစ်သည်မင်းသမီး ဒိုင်ယာနာ အဖြစ် Gal Gadot ကို ပြန်လည် မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ရော်နယ်ရေဂန် လက်ထက်မှာ ဖြစ်ခဲ့တဲ့ Cheetah ၊ Maxwell Lord တို့နဲ့ ထိပ်တိုက် တွေ့ရမယ့် စစ်ပွဲတွေကို ပုံဖော်ထားတာ ဖြစ်ပါတယ်။
အခုလိုမျိုး အမေရိကန်နိုင်ငံမှာ ရုပ်ရှင်ကို ရုံတင်ဖို့ လုပ်ထားပေမယ့် နိုင်ငံတွင်းမှာရှိတဲ့ ရုပ်ရှင်ရုံ ၆၆ ရာခိုင်နှုန်းက ပိတ်ထားဆဲဖြစ်ပြီး ရုပ်ရှင်အသစ်တွေကလည်း လက်မှတ်ရောင်းချရဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။
မြောက်အမေရိကဒေသမှာတော့ Sony ရဲ့ “Monster Hunter” ရုပ်ရှင်ကတော့ ဝင်ငွေဒေါ်လာ ၂ ဒသမ ၂ သန်းနဲ့ ထိပ်ဆုံးမှာ ဦးဆောင်နေတာကို တွေ့ရပါတယ်။ ဗီဒီယိုဂိမ်းအခြေခံ အဲ့ဒီရုပ်ရှင်ဟာ ရိုက်ကူးကုန်ကျစရိတ် ဒေါ်လာ သန်း၆၀ ရှိခဲ့တာကြောင့် ရုံတင်ပြသငွေ အရဆိုရင် အရှုံးပေါ်ဖို့ ရှိနေပါတယ်။
Universal ရဲ့ ကာတွန်းစွန့်စားခန်း “The Croods: A New Age” ကတော့ စတုတ္ထမြောက် ရုံတင်သီတင်းပတ်မှာပဲ ဝင်ငွေ ဒေါ်လာ ၂ သန်းအထိ ရရှိခဲ့ပါတယ်။ အဲ့ဒီရုပ်ရှင်ဟာ အမေရိကန်နိုင်ငံ တနိုင်ငံတည်းမှာတင် ဒေါ်လာ ၂၇ သန်းနဲ့ ကမ္ဘာတဝန်းမှာ ဒေါ်လာ ၈၄ ဒဿမ ၅ သန်း ရရှိထားပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် အခုလောလောဆယ် ဈေးကွက်အနေအထားအရ အဲ့ဒီကာတွန်းရုပ်ရှင်က အောင်ပွဲခံနေတယ်လို့ ဆိုရမှာပါ။
ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုက ဆက်လက် မြင့်တက်နေဆဲဖြစ်တာကြောင့် အမေရိကန်နိုင်ငံတွင်းမှာ ရုပ်ရှင်ရုံတွေ ထပ်ဖွင့်မယ့် လမ်းစကို မမြင်ရသေးပါဘူး။ ဒါပေမဲ့ လုပ်ငန်းအနည်းငယ်ကတော့ အသစ်ထွက်လာမယ့် ရုပ်ရှင်တွေအတွက် လုပ်ငန်းတွေ မြှင့်တင်ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။
Ref: cnalifestyle
You may also like these stories:
“Pirates of the Caribbean” ရုပ်ရှင်အသစ်တွေမှာ Johnny Depp ပါဝင်ခွင့် တားမြစ်ခံရ
ထင်မှတ်မထားတဲ့ ကိုဗစ်ရောဂါ လက္ခဏာ ခံစားခဲ့ရတဲ့ Ellen DeGeneres
လာမယ့်နှစ်မှာ ပရိသတ် တွေ့ဆုံပွဲ ပြုလုပ်မယ့် မင်းသားကြီး အာနိုး