မနေ့ညက ကျင်းပပြီးစီးခဲ့တဲ့ “The Voice Myanmar Season 3” သီချင်းဆိုပြိုင်ပွဲ Grand Final မှာ Winner ဆု မရပေမယ့်လည်း ပြိုင်ပွဲမှာ အကောင်းဆုံး ဖျော်ဖြေခွင့်ရခဲ့တယ်လို့ ခင်ရတနာစိုးက ပြောပါတယ်။
“ညက ဖျော်ဖြေ တင်ဆက်ခွင့်ရတာ ကျေနပ်တယ်။ Team R ZarNi အတွက်လည်း ဂုဏ်ယူပါတယ်။ ကို N Oo L ဂုဏ်ယူပါတယ်။ ညီမ Winner မဖြစ်ပေမယ့်လည်း အကောင်းဆုံး လုပ်ပြခဲ့တာ ပြိုင်ပွဲဝင်တွေထဲမှာတောင် တရားလွန်နေပါပြီ။ အဲ့အတွက် ညီမ လုပ်ပြခွင့်ရတာ အရမ်းတန်ပါတယ်။ အခု ပြိုင်ပွဲပြီးတော့ သီချင်းတွေနဲ့ တွေ့မယ်။ သီချင်းတွေနဲ့ ရှိနေမယ်။ ပွဲတွေ မြန်မြန်ထွက်ရပါစေ ဆုတောင်းတယ်”လို့ ခင်ရတနာစိုးက ပြောပါတယ်။
ပြိုင်ပွဲတောက်လျှောက်မှာ လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးတဲ့ မိခင်ဖြစ်သူအတွက်လည်း ပိုက်ဆံတွေ ပြန်ရှာပေးချင်တယ်လို့ ခင်ရတနာစိုးက ဆိုပါတယ်။
“ဒီမှာ လိုအပ်တာတွေ မှန်သမျှ အမေ့ကို ဖြည့်ဆည်းခိုင်းရတာ အမေ သနားပါတယ်။ အမေ့အတွက် ပိုက်ဆံတွေ ပြန်ရှာပေးရမယ်။ ကိုဗစ်ကြီး မြန်မြန်ပြီးပါစေ။ ကိုဗစ်ကြီးပြီးရင် အမေ့ကို လိုလေသေးမရှိ ဖြည့်ဆည်းပေးချင်တယ်။ မနီနီကလည်း သီချင်းတပုဒ် ပေးမယ်။ ဒီက ပရိုဂျူဆာ အစ်ကိုကလည်း သီချင်းလေး လက်ဆောင်ပေးမယ်။ အားလုံးပဲ ဆုမရတာကို ကျေနပ်ပေးပါ။ ညီမကတော့ ကျေနပ်တယ်။ ကြိုးစားရတာ တန်တယ်။ ဆိုင်းဝိုင်းနဲ့ ချပြခွင့်ရတာ အရမ်းပျော်တယ်”လို့ ခင်ရတနာစိုးက ပြောပါတယ်။
ဂီတတင်မက သရုပ်ဆောင်ပါ ဝါသနာပါတဲ့ ခင်ရတနာစိုးက သရုပ်ဆောင်လည်း လုပ်ချင်တယ်လို့ဆိုပါတယ်။
“ညီမ ကြိုးစားနေမယ်။ အဓိကက ပရိသတ်စိတ်ထဲမှာ ညီမကို ရှိနေပေးပါ။ ညီမသည် ၄ နှစ်သမီးကတည်းက သီချင်း ဆိုစားလာတာပါ။ ညီမ ထမင်းစားဖို့အတွက် အလုပ်က သီချင်းဆိုတဲ့ အလုပ်ပဲ ရှိတယ်။ အဲ့အတွက် ညီမသီချင်း အရမ်းဆိုချင်တယ်။ ညီမ သရုပ်ဆောင်လည်း လုပ်ချင်တယ်။ သရုပ်ဆောင်လည်း လုပ်မှာ။ ကမ်းလှမ်းကြပါ။ ညီမ ကိုယ့်သီချင်းလေးတွေ ကိုယ်ဆိုမယ်”
“အပြင်မှာ ကိုယ့်သီချင်းကိုယ် မဆိုနိုင်ရင် မျက်နှာ ငယ်တာကြောင့် ကိုယ့်သီချင်းကိုယ် ဆိုနိုင်အောင် လုပ်မယ်။ နောက် Joox မှာ နံပါတ် (၁) နေရာရဖို့လည်း အကောင်းဆုံး သီချင်းတွေ ဖန်တီးမယ်။ ညီမကို နယ်မှာ ရွှေဆိုင် ဖွင့်ပွဲလေးတွေ ကြော်ငြာရိုက်ဖို့ ကမ်းလှမ်းထားတာ ရှိတယ်။ အနုပညာလမ်းမှာ ရှိနေ မှာပါ။ ကိုဗစ်ပြီးမှ လုပ်ချင်တဲ့ အနုပညာတွေ အဓွန့်ရှည်အောင် လုပ်နိုင်မှာ”လို့ ခင်ရတနာစိုးက ပြောပါတယ်။
ခင်ရတနာစိုးကတော့ ၄ နှစ်သမီးကတည်းက အနုပညာလောကကို လျှောက်လှမ်းလာတာဖြစ်ပြီး “The Voice Myanmar Season 3” မယှဉ်ပြိုင်ခင် Myanmar Idol ပြိုင်ပွဲမှာလည်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါသေးတယ်။ ဒီဇင်ဘာလ ၂၀ ရက်နေ့ညက ပြုလုပ်ခဲ့တဲ့ “The Voice Myanmar Season 3” Grand Final ပွဲမှာတော့ ပြိုင်ပွဲဝင် N Oo L က Winner ဆု ရရှိသွားပါတယ်။