Mrs Golden Land Winner ဆုကို ရရှိထားတဲ့ Mrs Universe Myanmar အဖြစ် လက်ရှိ ပြိုင်နေသူ အလှမယ် အေမီဇင်ဝင်းကတော့ တချိန်က တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်သူနာပြုတဦး ဖြစ်ပါတယ်။ သူက လတ်တလော ယှဉ်ပြိုင်နေတဲ့ Mrs Universe ပွဲကို တပ်မတော်ကနေ အငြိမ်းစားယူပြီးမှ ယှဉ်ပြိုင်ခဲ့တာ ဖြစ်တယ်လို့ ဧရာဝတီကို ပြောပါတယ်။
“ကျမအနေနဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုပြီးတော့ Mrs Universe Myanmar ကို ပြိုင်ခွင့်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ကိုဗစ်ကာလမှာ ပြိုင်ခွင့်ရတာဖြစ်လို့လည်း ကျေနပ်ပါတယ်။ အလှမယ်ကိစ္စတို့၊ အနုပညာကိစ္စတို့ကို ငယ်ငယ်ကတည်းက ဝါသနာပါတယ်။ ငယ်ငယ်ကတည်းက အခြေအနေမပေးလို့ မလုပ်ခဲ့ရတာ။ ကိုယ်တွေ ငယ်ငယ် ၁၉၉၅ ၊ ၁၉၉၆ ဝန်းကျင်လောက်က ဆိုတော့ အဲ့တုန်းကအခြေအနေ မပေးတော့ မလုပ်ဖြစ်ခဲ့ဘူး။ အခြေအနေ ပေးတဲ့အချိန်မှာ ဝင်ပြိုင်ဖြစ်တာပါ”
“၂၀၁၈ မှာ Mrs Golden Land Winner ဆုကို ရခဲ့ပါတယ်။ အခု ၂၀၂၀ မှာ တပ်မတော်က အငြိမ်းစားယူတယ်။ အဲ့ကတည်းက နိုင်ငံတကာပွဲတွေ ပြိုင်ချင်တာပေါ့။ ဒါပေမဲ့ တပ်မတော်မှာ တာဝန်ထမ်းဆောင်နေဆဲဖြစ်လို့ ပြိုင်လို့ မရဘူး။ အငြိမ်းစား ယူပြီးတော့မှ နိုင်ငံတကာပွဲ ဝင်ပြိုင်ဖြစ်တာပါ” လို့ အလှမယ် အေမီဇင်ဝင်းက ဧရာဝတီကို ပြောပါတယ်။
အလှမယ် ကိစ္စရပ်များနဲ့ အနုပညာအလုပ်တွေကို ငယ်ငယ်ကတည်းက ဝါသနာပါခဲ့ပေမယ့် အခြေအနေမပေးတဲ့အတွက် မလုပ်ခဲ့ရဘဲ အခု ၂၀၂၀ မှာ တပ်မတော်ကနေ အငြိမ်းစားယူပြီးတဲ့ အချိန်မှာတော့ နိုင်ငံတကာပွဲကို ပြိုင်ခွင့်ရခဲ့တာလို့ သိရပါတယ်။
“ဒီဟာ ဝင်ပြိုင်ဖို့အတွက်ကို တပ်မတော်က အငြိမ်းစား ယူတာတော့လည်း မဟုတ်ဘူး။ ကျမက တပ်မတော်ကနေ သတ်မှတ်တဲ့နှစ် ပြည့်ရင် အငြိမ်းစားယူမယ်ဆိုတဲ့ အစီအစဉ်က နဂိုကတည်းက ရှိပြီးသားပါ။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက ထွက်စာ တင်ဖူးတယ်။ ဘာပဲပြောပြော မိသားစုဘဝလေးနဲ့ အပြင်မှာ စီးပွားရေး လုပ်မယ်ဆိုပြီး ထွက်စာတင်ပါတယ်”
“ဒါပေမဲ့ သတ်မှတ်ချက်တွေ မပြည့်သေးလို့ နှစ်အကန့်အသတ်တွေ မပြည့်သေးလို့ ထွက်ခွင့် မရဘူး။ အခု ကျမရဲ့သတ်မှတ်ချက်တွေ ပြည့်တဲ့အခါမှာ ထွက်ခွင့်ရတာပါ။ ထွက်ခွင့်ရတာနဲ့ ပြိုင်ပွဲက ခေါ်တာနဲ့ တိုက်ဆိုင်တာပါ”လို့ အလှမယ် အေမီဇင်ဝင်းက ပြောပါတယ်။
တပ်ကနေ ထွက်ခဲ့ပေမယ့် တပ်အသိုင်းအဝိုင်းက မိတ်ဆွေများက တိုက်ခိုက်ကြတာမျိုး မရှိဘဲ Voting တွေ ပေးပြီး အားပေးကြတယ်လို့ သိရပါတယ်။
“အလှမယ်လောကထဲ ရောက်တာ စိန်ခေါ်မှုတော့ မဖြစ်ဘူး။ ကျမက တပ်ကနေသာ အငြိမ်းစား ယူတာ။ အခုအချိန်မှာ ကိုယ့်ရဲ့စီနီယာတွေရော၊ ဂျူနီယာတွေရော၊ အစ်မတွေ၊ အစ်ကိုတွေကရော အားတက်သရောနဲ့ Voting ပေးပြီးတော့ အရမ်းအားပေးကြတာ။ သူတို့ကလည်း ဖြစ်စေချင်ကြတာ။ ညီမလေးရယ်တဲ့။ အစောကြီးကတည်းက တပ်ထဲ မဝင်ဘဲနဲ့ ဒီလိုင်းကိုပဲ လုပ်ရမှာဆိုပြီး အားပေးကြပါတယ်။ တိုက်ခိုက်ကြတာတို့ ဘာတို့တော့ မရှိပါဘူး”လို့ အလှမယ် အေမီဇင်ဝင်းက ပြောပါတယ်။
ကိုဗစ်ကာလအတွင်းလည်း ဖြစ်တာကြောင့် ပြိုင်ပွဲအတွက် ဘယ်လို အခက်အခဲရှိလဲ ဆိုတာကိုလည်း အခုလို ပြောပြခဲ့ပါတယ်။
“ပထမဆုံးအွန်လိုင်းကနေ ပြိုင်ရမယ်ဆိုတော့ ဓာတ်ပုံ ၅ ပုံနဲ့ ဗီဒီယိုအတို ရိုက်ပို့ပြီး ပြိုင်တယ်ပေါ့။ အဲ့လိုနဲ့ မြန်မာနိုင်ငံက ကိုယ့်ကို ရွေးပြီးတော့မှ ပြန်လွှတ်တာဆိုတော့ နိုင်ငံတကာမှာ ပြိုင်တယ်ဆိုတာ ဗီဒီယိုတွေပို့ပြီး စိန်ခေါ်မှုတွေနဲ့ ပြိုင်ရမယ်ထင်တာ။ ဘာပဲပြောပြော ကိုဗစ်ကာလမှာ အိမ်မှာ နေရင်းနဲ့ လူကလည်း အားနေတယ်ပေါ့။ ပြိုင်ပွဲကို ပြိုင်လိုက်မယ်။ အရင်ကတည်းကလည်း ပြိုင်ချင်နေတာဆိုတော့ ဝင်ပြိုင်ခဲ့တာပေါ့”
“တခြား Challenge တွေ အများကြီးနဲ့ Talent တွေ ပြိုင်ရမယ် ထင်ခဲ့တာ။ တကယ့် တကယ်တမ်းကျတော့ ဒီဇင်ဘာ ၁ ရက်နေ့ကနေ ၁၉ ရက်နေ့ ဘာ Challenge မှ မပြိုင်ရဘူး။ Voting စနစ်နဲ့ပဲ သွားတာဆိုတော့ အားမလို အားမရ ဖြစ်လာတယ်။ စင်ပေါ်သာ တက်ပြီး ပြိုင်လိုက်ချင်တယ်” လို့ အလှမယ် အေမီဇင်ဝင်းက ပြောပါတယ်။
အသက် ၄၁ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ အလှမယ် အေမီဇင်ဝင်းကတော့ ခင်ပွန်းဖြစ်သူကလည်း တပ်မတော်အသိုင်းအဝိုင်းကဖြစ်ပြီး သားလေး တယောက်လည်း ရှိပါတယ်။
၂၀၁၈ ခုနှစ်က Mrs Golden Land ဆုကို ရရှိခဲ့ပြီး လက်ရှိမှာတော့ နိုင်ငံပေါင်း ၉၀ ကျော်မှ အိမ်ထောင်ရှင် အလှမယ်များ ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ Mrs Universe ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်နေပါတယ်။ အလှမယ် အေမီဇင်ဝင်းဟာ စစ်သူနာပြုတယောက်အနေနဲ့ နှစ်ပေါင်း ၂၀ ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
You may also like these stories:
ခင်ရတနာစိုးကို ဆက်ပြီး ဝန်းရံပေးကြဖို့ နီနီခင်ဇော် ပြော
“အမေ့အတွက် ပိုက်ဆံတွေ ပြန်ရှာပေးချင်တယ်” ဆိုတဲ့ ခင်ရတနာစိုး
ဖောင်ကြီးမှာ ၁ လတာ Volunteer သွားရောက် လုပ်အားပေးခဲ့တဲ့ Lဘောက်နူး