အဆိုတော် စိုင်းစိုင်းခမ်းလှိုင်နဲ့ တောင်ကိုရီးယား အဆိုတော် Park Bom တို့ရဲ့ Collaboration သီချင်းဖြစ်တဲ့ “Red Light” ကို မနေ့က ဒီဇင်ဘာ၂၂ ရက်နေ့မှာ ထွက်ရှိခဲ့ပြီး ဝေဖန်မှုများစွာလည်း ထွက်ပေါ်ခဲ့ပါတယ်။
“ကျနော် မူလက စိတ်ကူးယဉ်ထားတာကတော့ သီချင်းလည်း ဟိုမှာ သွင်းမယ်။ ဗီဒီယိုလည်း သွားရိုက်ချင်တာပါ။ ဒါပေမဲ့ ကမ္ဘာ့ကပ်ရောဂါ အခြေအနေအရ သီချင်းကို တနိုင်ငံစီ သပ်သပ်စီ ခွဲသွင်းခဲ့ရပါတယ်” လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။
မနေ့က ညပိုင်းမှာတော့ သီချင်းနဲ့အတူ ဗီဒီယိုကို တင်ပေးခဲ့ပြီး ဒီ Making ဗားရှင်းမှာ စိုင်းစိုင်းခမ်းလှိုင်က စတူဒီယိုထဲမှာ အသံသွင်းနေတဲ့ ပုံများ၊ အဆိုရုပ်များနဲ့ Park Bom ကတော့ သူ့ရဲ့ Fan Meeting တုန်းက ပုံရိပ်များကို ပို့ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“ဗီဒီယိုကိုလည်း Making Version အနေနဲ့ စတူဒီယိုမှာ အသံသွင်းတဲ့ ပုံတွေနဲ့ပဲ ဆက်ဖို့ ဖြစ်သွားပါတယ်။ ကျနော်ဘက်ကတော့ (Sponsor တွေ ရှိတာလည်း တကြောင်းပေါ့ ) တရက် သပ်သပ် ထပ်ပြီး အဆို အရုပ်တွေ ထပ်ရိုက်ခဲ့ပါတယ်။ BOM ဘက်ကလည်း သူ့ရဲ့ Fan Meeting က Footage တွေ အမှတ်တရ အသုံးပြုဖို့ ပို့ပေးခဲ့ပါတယ်” လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောထားပါတယ်။
လတ်တလော ထွက်ထားတဲ့ သီချင်းကတော့ Park Bom က ကိုရီးယားဘာသာစကားနဲ့ သီဆိုထားတာဖြစ်ပြီး စိုင်းစိုင်းခမ်းလှိုင်က အင်္ဂလိပ်လို သီဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၃ ရက်နေ့မှာတော့ ကိုရီးယား၊ မြန်မာ ဗားရှင်းနဲ့ ထပ်ထွက်ဦးမှာပါ။
“သန်ဘက်ခါ မနက်မှာ ကျနော် ရေးထားတဲ့ မြန်မာစာသားနဲ့ ထွက်ပါမယ်။ KOREAN + MYANMAR ဗားရှင်း ၂၃ ရက်နေ့ပါ ခင်ဗျာ။ သီချင်းနဲ့ ပတ်သက်လို့ စိတ်တိုင်းမကျတာတွေ လိုအပ်တာတွေ ရှိရင် ကျနော့် အားနည်းချက်သာ ဖြစ်ပါကြောင်းနဲ့ ပရိသတ်များရဲ့ အားပေးမှုအတွက် အထူးကျေးဇူးတင်ပါတယ်”လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။
“Red Light” သီချင်းရဲ့ အင်္ဂလိပ် ဗားရှင်းကိုတော့ ကိုရီးယားနိုင်ငံမှ Artist များက ဖန်တီးပေးထားတာ ဖြစ်ပြီး ဒီသီချင်းအတွက် UAB Bank ၊ SAMSUNG ၊ NESCAFÉ ၊ MG Myanmar ၊ V-ROHTO cool တို့က ပံ့ပိုးပေးထားတာ ဖြစ်ပါတယ်။
You may also like these stories:
စိုင်းစိုင်းခမ်းလှိုင်နဲ့ 2NE1 အဖွဲ့ဝင်ဟောင်း Park Bom တို့ရဲ့ ပထမဆုံး Collaboration
စိုင်းစိုင်းခမ်းလှိုင်နဲ့ Park Bom ရဲ့ “Red Light” သီချင်း ထွက်မယ့်ရက် ကြေညာ