မင်းသား Hyun Bin ဟာ မကြာသေးခင်တုန်းက Esquire Korea နဲ့ အင်တာဗျူးတခု ပြုလုပ်ခဲ့ပါတယ်။ နာမည်ကျော် “Crash Landing on You” ဒရာမာမှာ ပါဝင် သရုပ်ဆောင်နေချိန်တုန်းကလည်း အခုလို အင်တာဗျူးတခုကို ပြုလုပ်ခဲ့ပါသေးတယ်။
အဲ့ဒီတုန်းကတော့ သူပါဝင်နေတဲ့ ဒရာမာ နောက်ဆုံးအပိုင်း ပြီးခဲ့တဲ့ ပရိသတ်တွေရဲ့ တုံ့ပြန်ချက်တွေကို ကြည့်ရှုဖို့ အနာဂတ်ကိုတောင် ခရီးသွားချင်ခဲ့တယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။ အခုတော့ သူ အဲ့ဒီအချိန်တုန်းက ဆိုလိုခဲ့တဲ့ အနာဂတ်ဆိုတဲ့ အချိန်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
အဲ့ဒီမှတ်ချက်နဲ့ ပတ်သက်လို့ မင်းသားက “အဲ့ဒီအချိန်တုန်းက ကျနော် တော်တော်လေး စိုးရိမ်စိတ် များခဲ့ပါတယ်။ တကယ်တော့ အဲ့ဒီဒရာမာအတွက် ရိုက်ကူးရေး လုပ်နေချိန်မှာကတည်းက တော်တော်လေး ခက်ခဲမှုတွေ ရှိခဲ့ပါတယ်။ အချိန်ကို ကျော်ပစ်ချင်ခဲ့တဲ့ အခိုက်အတန့်တွေလည်း ရှိခဲ့ပါတယ်” လို့ ဆိုပါတယ်။
![](https://burma.irrawaddy.com/wp-content/uploads/2020/12/Hyun-Bin-2.jpg)
မင်းသားက “Crash Landing on You” ဒရာမာဟာ Streaming ဝန်ဆောင်မှုတွေမှာ လူကြည့်နှုန်းမြင့်တက်နေဆဲဆိုတဲ့ သတင်းတွေ ကြားရတဲ့အခါ ပရိသတ်တွေကို ကျေးဇူးတင်မိတယ်လို့ မှတ်ချက်ပြုပါတယ်။ ဒါပေမဲ့ နိုင်ငံတကာက ပရိသတ်တွေဆီ သူ့ရဲ့ကျေးဇူးတင်မှုကို ပြသဖို့ သွားရောက်နိုင်ခြင်း မရှိတာကိုတော့ စိတ်မကောင်း ဖြစ်မိတယ်လို့ ပြောပါတယ်။
မင်းသားက “နိုင်ငံရပ်ခြားက ကမ်းလှမ်းမှုတွေကို ရခဲ့တဲ့အချိန်မှာ ကျနော်ကိုယ်တိုင် လာရောက်နိုင်ခြင်း မရှိဘူး ဆိုတာကို လက်ရေးစာနဲ့ ပြန်တုံ့ပြန်ခဲ့ပါတယ်” လို့ ဆိုပါတယ်။
“Crash Landing on You” ဒရာမာဟာ တော်တော်လေးကို ကောင်းမွန်တဲ့ အောင်မြင်မှုကို ရရှိခဲ့ပေမယ့် မင်းသားကတော့ သူရိုက်ကူးခဲ့ဖူးတဲ့ ရုပ်ရှင်နဲ့ စီးရီးတွေအတွက် အောင်မြင်မှုကို ဘယ်တုန်းကမှ ကြိုတင် ခန့်မှန်းခဲ့ဖူးခြင်း မရှိခဲ့ဘူးလို့ ပြောပါတယ်။
သူက “ရုပ်ရှင်တွေကတော့ ပွဲဦးထွက်ပြပြီးမှ ကျနော်တို့ သိနိုင်ပါတယ်။ ဒရာမာတွေကတော့ ထုတ်လွှင့်တဲ့ အပိုင်းတွေ ထက်ဝက်ကျိုးပြီဆိုရင် အခြေအနေကို ခံစားမိနိုင်ပါတယ်။ လူကြည့်နှုန်းဆိုတာက တိုင်းတာမှုတခု ဖြစ်နိုင်တယ်ဆိုပေမယ့် ကျနော်က လူတွေရဲ့ သွယ်ဝိုက်တဲ့ တုံ့ပြန်မှုကို အာရုံခံနိုင်ပါတယ်။ ရိုက်ကွင်းပေါ်က ပတ်ဝန်းကျင် အခြေအနေကို အဲ့ဒါနဲ့ ရောင်ပြန်ဟပ်နိုင်ပါတယ်”လို့ ဆိုပါတယ်။
![](https://burma.irrawaddy.com/wp-content/uploads/2020/12/Hyun-Bin-3.jpg)
“The Negotiation” ရုပ်ရှင်မှာအတူတူ သရုပ်ဆောင်ခဲ့ဖူးတဲ့ မင်းသမီး ဆွန်းယယ်ဂျင်းနဲ့ အဲ့ဒီ ဒရာမာမှာ အလုပ်အတူတူ ပြန်လုပ်ခဲ့ရတဲ့ အတွေ့အကြုံကိုလည်း မင်းသားက ဝေမျှခဲ့ပါတယ်။
သူက “မင်းသမီးနဲ့အတူ ဒုတိယအကြိမ်မြောက် အလုပ်အတူ တွဲလုပ်ရတာ စိတ်သက်သောင့်သက်သာ ပိုရှိပါတယ်။ ဇာတ်လမ်းအစမ်း မလေ့ကျင့်ခင်မှာတောင် ကျနော်တို့ရဲ့ ဇာတ်ဝင်ခန်းတွေအတွက် ဝိုင်းဝန်းအိုင်ဒီယာ ထုတ်ခဲ့ကြပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
အဲ့ဒီဇာတ်လမ်းရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ညွှန်းကို ဖန်တီးခဲ့တဲ့အတွက် စာရေးဆရာနဲ့ ဇာတ်ဝင်ခန်းတခုစီတိုင်းမှာ အသက်ဝင်အောင် ဖန်တီးခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဖက် သရုပ်ဆောင်တွေကိုလည်း ချီးကျူးစကား ဆိုခဲ့ပါတယ်။
Ref: soompi