ကိုဗစ်ကာလ Stay home နေရချိန်မှာ မိသားစု လုပ်ငန်းအဖြစ် “တပြည်သူ” ဆိုတဲ့ စားသောက်ကုန် လုပ်ငန်းကို လုပ်ကိုင်ဖြစ်သွားတယ်လို့ အလှမယ် ထားထက်ထက်က ပြောပါတယ်။
“Stay home ကာလမှာတော့ ထားထက် အနုပညာနဲ့ ပတ်သက်ပြီး ရိုက်ကူးရေးတွေ အများကြီး မလုပ်နိုင်သေးဘူး။ ကိုယ့်ဘာသာကိုယ် ပုံလေးတွေ ရိုက်ပြီး ပုံတင်တာလောက်ပဲ ရှိတယ်။ ထားထက်ရဲ့ သင်တန်းတွေလည်း အကုန် ပိတ်ထားရတယ်။ ပထမ အလုပ်တွေ မလုပ်ရဘဲ နားရတုန်းကတော့ ပျော်တာပေါ့”
“အမြဲ အလုပ်လုပ်နေတော့ ကြာကြာလေး နားရတော့ ပျော်တယ်။ ဒါပေမဲ့ နားတာ ကြာလာတော့ ပျင်းလာပြီး စိတ်ဓာတ်တွေ ကျလာတယ်။ အဲ့တော့ အမေတို့၊ အစ်မတို့ လုပ်တဲ့ “တပြည်သူ” ဆိုတဲ့ Product လေး၊ ချဉ်ပေါင်ကြော်တို့၊ အိမ်ချက်လက်ရာကို ထုတ်ပြီး လုပ်တဲ့ လုပ်ငန်းလေး လုပ်နေပါတယ်”လို့ ထားထက်ထက်က ပြောပါတယ်။
COVID-19 ရောဂါကိုလည်း မြန်မြန် ပြီးဆုံးစေချင်ပြီး ကိုဗစ် မရှိသလို အပြင်မှာ လွတ်လပ်စွာ သွားလာနေကြသူတွေကိုလည်း မပေါ့ဆကြဖို့ ထားထက်ထက်က ပြောပါတယ်။
“ကိုဗစ်က ပြီးပြီလို့တောင် ထင်ရတယ်။ ပရိသတ်တွေ အပြင်ထွက်ရင် ငါတို့ပဲ အိမ်ထဲနေဖို့ လိမ်ထားကြလား ထင်ရတယ်။ ကိုဗစ်ကို မြန်မြန်ပြီးစေချင်တယ်။ ထားထက်တို့က Mask တွေ ဘယ်လောက် တပ်ပါပြောပြော၊ ကိုယ့်ရှေ့မှာပဲ တပ်ပြပြီး ကိုယ့်နောက်ကွယ်မှာ Mask ချွတ်ထားရင် ဘာမှ မထူးဘူးလေ။ မြန်မြန် ပြီးစေချင်တယ်။ အကုန်လုံးလည်း အလုပ်တွေ မလုပ်ရ၊ သွားချင်တိုင်း မသွားရတော့ ငြီးငွေ့နေလောက်ပြီ။ အရင် ကိုဗစ် မရှိသလိုပဲ သွားနေလာနေကြတာ တွေ့တယ်”
“အဲ့ကနေတဆင့် ရောဂါတွေ ပိုပို များလာမှာ စိုးရိမ်တယ်။ စင်တာမှာ လူကြီးတွေ ပြောတဲ့စကားအရဆို တနေ့ကို အယောက် ၁၅၀ လောက် စစ်ရင် ၁၂၀ လောက်မှာ တွေ့နေရတယ်။ လူ ၁၂၀ ကို ကိုဗစ် စင်တာမှာ ထားဖို့ နေရာ မရှိဘူး။ မရှိတော့ ထပ်မစစ်နိုင်တော့ဘူး။ ထပ်မစစ်ရဲဘူး။ ဘယ်သူတွေဆီမှာ ဒီရောဂါပိုး ရှိနေလဲ မမြင်နိုင်ဘူး။ မစစ်လို့သာပေါ့။ စစ်ရင် ဒီထက် အများကြီး တွေ့နိုင်တယ်။ တဦးတယောက်ချင်းစီ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ပါ”လို့ ထားထက်ထက်က ပြောပါတယ်။
အလှမယ် ထားထက်ထက်ဟာ Miss Grand Myanmar 2013 ဆု ရရှိထားတဲ့ အလှမယ်တဦး ဖြစ်ပါတယ်။ ထားထက်ထက်ကတော့ ကိုဗစ်ကာလမှာလည်း We Love Yangon အဖွဲ့နဲ့အတူ ပရဟိတ အလုပ်တွေ လုပ်ကိုင်နေတာ တွေ့ရပါတယ်။
You may also like these stories:
We Love Yangon အဖွဲ့နဲ့အတူ လိုအပ်နေသူတွေထံ လှူဒါန်းမှု လုပ်နေတဲ့ ထားထက်ထက်
ဖောင်ကြီးမှာ ၁ လတာ Volunteer သွားရောက် လုပ်အားပေးခဲ့တဲ့ Lဘောက်နူး
Shwe FM ရဲ့ “Best Music Video” ဆု ရရှိခဲ့တဲ့ မေလသံစဉ်