အွန်လိုင်းပေါ်ကနေရော၊ အပြင်မှာပါ အလှူအတန်းများစွာကို ပြုလုပ်နေတဲ့ သရုပ်ဆောင် စမိုင်းလ်က သူ့ရဲ့နာမည်ကို အလွဲသုံးစား လုပ်ပြီး Page အတုများက ငွေများ တောင်းနေတဲ့ အကြောင်း အခုလိုပဲ ပြောပြထားပါတယ်။
“အခု ဘာတွေဖြစ်နေလဲဆိုရင် စမိုင်းလ်လို Page အတုတွေ ထောင်ပြီးတော့ အတုတွေက အများကြီးပဲ။ စမိုင်းလ်အရင်က လုပ်ထားတဲ့ Live တွေကို ဖြတ်ညှပ်ကပ်လုပ်၊ တချို့ကျတော့လည်း ဖြတ်ညှပ်ကပ်တောင် မဟုတ်ဘူး။ တပိုဒ်ကလေးလောက်ကိုပဲ တချိန်လုံး ပြန်ပြန်ပြီး ပြပြပြီးတော့ လုပ်နေတာပေါ့။ အဲ့လိုလုပ်ပြီးတော့ iPhone ပေါက်တယ်။ ပိုက်ဆံတွေ ပေါက်တယ်ဆိုပြီး ဖုန်းဆက်တယ်။ အဲ့လိုဆက်ပြီး ပိုက်ဆံထုတ်ဖို့အတွက်ကို ၁ သောင်း လွှဲပေးပါတို့ ၂ သောင်းလွှဲပေးပါတို့ လုပ်တယ်” လို့ စမိုင်းလ်က ပြောပါတယ်။
လူတိုင်းက အခက်အခဲဖြစ်ပြီး ပိုက်ဆံလိုချင်နေတယ် ဆိုတာကို သိပေမယ့် မသမာတဲ့သူတွေက စမိုင်းလ်လုပ်သလို ပုံစံမျိုးနဲ့ လုပ်ကြတာတွေကို မလုပ်ကြဖို့လည်း တောင်းဆိုခဲ့ပါတယ်။
“လူတိုင်းက ဒီအချိန်မှာ ပိုက်ဆံ လိုချင်တယ်ဆိုတာကို သိတယ်။ အခက်အခဲ ဖြစ်နေကြတယ် ဆိုတာကိုလည်း သိတယ်။ ကိုယ်ကဒီလိုမျိုး အခက်အခဲ ဖြစ်နေတဲ့သူတွေအတွက်ကို စီစဉ်ပေးတာ။ ဒါပေမဲ့ မသမာတဲ့သူတွေက Page အတုတွေ ထောင်မယ်။ စမိုင်းလ်ပဲ လုပ်နေသလို ရုံးကပဲ ဖုန်းဆက်သလိုလိုတွေ လုပ်နေတာတွေ မလုပ်ကြပါနဲ့” လို့ စမိုင်းလ်က ပြောပါတယ်။
ဆက်လက်ပြီး “ပြီးတော့ ကျမက တချိန်လုံး ပိုက်ဆံပဲ ပေးနေတဲ့သူ၊ ပိုက်ဆံဆိုရင် Live တခုခု လုပ်ပြီဆိုရင် အများကြီး လုပ်ပေးတယ်။ အဲ့လောက် လုပ်ပေးနေတာကိုမှ ၁ သောင်း ပြန်ပေးပါ။ ၂ သောင်းပြန်ပေးပါ ဆိုတာကလေ။ ကိုယ့်ရဲ့ရှာထားတာတွေထဲက ပိုက်ဆံတွေ လှူပေးနေတာ။ အဲ့လိုတွေ တောင်းနေတာက ညာနေတာ။ Group တွေလည်း အများကြီးပဲ” လို့ ပြောပါတယ်။
တချို့အသက်ကြီးတဲ့သူတွေက စမိုင်းလ်ဆီက ဆက်တာပဲဆိုပြီး ယုံကြတဲ့အတွက်လည်း မယုံကြဖို့တောင်းပန်ခဲ့ပါတယ်။
“တချို့ကျတော့ အသက်ကြီးတဲ့သူတွေကို သွားပြောလိုက်ရင် အသက်ကြီးတဲ့သူတွေက ကိုယ့်ကို ယုံတယ်လေ။ စမိုင်းလ်ကနေ ဖုန်းဆက်တာပဲလေ ဆိုပြီးတော့။ ၇ သိန်းတောင် ပေါက်တာပဲလေ။ ၂ သောင်းလေးကတော့ လွှဲလိုက်ပါမယ်ဆိုပြီး လုပ်ကြတာ။ စမိုင်းလ်ရဲ့ Smily တွေဆိုတာကလည်း ကိုယ်တွေအရွယ်တွေပဲ မဟုတ်ဘူး။ စမိုင်းလ် အမေရဲ့သူငယ်ချင်း အရွယ်တွေပါ ရှိတယ်။ သူတို့ကို စမိုင်းလ်က ဖုန်းဆက်တာပါဆိုပြီး ညာလိုက်ရင် လွယ်တယ်။ အဲဒါကြောင့် မယုံကြပါနဲ့လို့ တောင်းပန်ပါတယ်။ စဉ်းစားချင့်ချိန်ပြီးတော့ ယုံကြပါ” လို့ ဆိုပါတယ်။
ဒီအကြောင်းအရာတွေကိုတော့ စမိုင်းလ်က သူ့ရဲ့ တရားဝင် Page ကနေ ကိုယ်တိုင် Live လွှင့်ပြီး ပြောပြခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ Page အစစ်ကတော့ Follower ၃ သန်းကျော် ရှိပြီး ယနေ့ည၊ ဒီဇင်ဘာ ၂၂ရက်၊ ည ၈ နာရီမှာလည်း “သိဘူးရစ်မယ်” ဆိုတဲ့ ရုပ်ရှင်မိတ်ဆက်ခြင်း Live မှာ ငွေကျပ် သိန်း ၈၀ ကျော်ဖိုး လက်ဆောင်တွေ ပေးသွားမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့လပိုင်းက “Smile” အွန်လိုင်း ရုပ်ရှင်ရုံမှာ ပြသခဲ့တဲ့ “ဂယက်တွေပါဟယ်” ဇာတ်ကားတုန်းကလည်း ပရိသတ်တွေအတွက် ငွေကျပ် သိန်းပေါင်းများစွာကို ကံစမ်းမဲ ဖောက်ပေးခဲ့ပါတယ်။
You may also like these stories:
ကိုဗစ်ကာလမှာ “အွန်လိုင်း ရုပ်ရှင်ရုံ” လုပ်ဖြစ်တဲ့အကြောင်း ပြောပြတဲ့ စမိုင်းလ်
တပိုင်တနိုင် စီးပွားရေး လုပ်နေသူတွေကို အခမဲ့ ကြော်ငြာပေးမယ့် စမိုင်းလ်
ကိုဗစ်အလှူအတွက် ကဒေါင်းရင်ထိုးကို သိန်း ၃၁၀ နဲ့ လေလံအောင်သွားတဲ့ စမိုင်းလ်