ဟယ်ရီပေါ်တာ ဝတ္ထုတွေနဲ့ နာမည်ကျော်တဲ့ စာရေးဆရာမ JK Rowling ဟာ ရုပ်သံစီးရီးအဖြစ် အသွင်ပြောင်းတော့မယ့် သူရဲ့ “Cormoran Strike” စာအုပ်တွေရဲ့ အောင်မြင်မှုကြောင့် လွန်ခဲ့တဲ့ ၂ နှစ်အတွင်း တလကို စတာလင်ပေါင် ၆ သိန်း(ဒေါ်လာ ၁ သန်းကျော်) ဝင်ငွေရှိခဲ့တယ်လို့ သိရပါတယ်။
Robert Galbraith ရဲ့ နာမည်နဲ့ “Strike” စာအုပ်တွေကို ရေးသားခဲ့သူ အသက် ၅၅ နှစ်အရွယ် စာရေးဆရာမ Rowling ဟာ ၂၀၁၈ ခုနှစ်မှာ ပေါင် ၁၂ သန်းကျော်နဲ့ ၂၀၁၉ ခုနှစ်မှာ ပေါင် ၂ သန်းကျော် ဝင်ငွေရှိခဲ့တယ်လို့ The Sun သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။
“The Strike” စီးရီးတွေကို သူ့ရဲ့ Bronte Film &Television ထုတ်လုပ်ရေး ကုမ္ပဏီကနေ ပြသမယ့် ရုပ်သံစီးရီးတွေအဖြစ် အသွင် ပြောင်းလဲထားပြီး ဖြစ်ပါတယ်။ အဲ့ဒီ ထုတ်လုပ်ရေး ကုမ္ပဏီကတော့ HBO မှာ ပြသခဲ့တဲ့ The Casual Vacancy စီးရီးနဲ့ လန်းဒန်မြို့ရဲ့ West End အရပ်က ဟယ်ရီပေါ်တာ ဖျော်ဖြေပွဲတွေကို လုပ်ဆောင်ပေးနေတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။
အဲ့ဒီကုမ္ပဏီဟာ ပြီးခဲ့တဲ့နှစ်မှာ ပေါင် ၁၈ သန်းဝင်ငွေရခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ဝင်ငွေပေါင် ၁၃ ဒသမ ၅ သန်း ရရှိခဲ့တယ်လို့လည်း သိရပါတယ်။ Companies House ကုမ္ပဏီ ငွေစာရင်းဌာနရဲ့အဆိုအရ “Lockdown အလွန်ကာလမှာ ကုမ္ပဏီနဲ့ အဖွဲ့ဟာ ခိုင်မာတဲ့ ငွေကြေးရလဒ်ကို ရရှိ ပိုင်ဆိုင်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
စာရေးဆရာမ Rowling ဟာ ဟယ်ရီပေါ်တာဝတ္ထုတွေရဲ့ နောက်ကွယ်ကနေ ထုတ်လုပ်ရေး ကုမ္ပဏီတခုအနေနဲ့ အထောက်အပံ့ ဖြစ်ပါ့မလားဆိုပြီး သံသယဖြစ်ခဲ့တယ်လို့ ဝန်ခံ ပြောဆိုခဲ့ဖူးပါတယ်။ အဲ့ဒီဝတ္ထုတွေဟာ သမိုင်းတလျှောက် အအောင်မြင်ဆုံး အတွဲလိုက်ဝတ္ထု ဖြစ်ခဲ့ပေမယ့် စာရေးဆရာမ Rowling ကတော့ သူ့ရဲ့စာအုပ်တွေဟာ စီးပွားရေးအရ အောင်မြင်မှုနဲ့ ပတ်သက်လို့ သံသယဖြစ်ခဲ့မိတယ်လို့ ဆိုပါတယ်။
သူက “ကျမမှာ ဟယ်ရီနဲ့အတူ ယုံကြည်မှုတခု ရှိခဲ့ပါတယ်။ အဲ့ဒါကတော့ ဒီလို ခက်ခဲတဲ့ အရာတခုက တခြားလူတယောက်ကို စည်းရုံး သိမ်းသွင်းနိုင်ပ့ါမလားလို့လေ။ ကလေးစာအုပ်တွေက ဒီစာအုပ်အထူရဲ့ တဝက်လောက်ပဲ ရှိသင့်ပြီး ခေါက်ရိုးကျေနေတဲ့ ဇာတ်လမ်းပဲ ဖြစ်သင့်တယ်လို့ လူတွေက ပြောကြတယ်။ ဒီလိုမျိုး စာအုပ်တအုပ်ကို ထုတ်လိုက်ပြီး လူတွေကို ဆွဲဆောင်နိုင်ပါ့မလားလို့ ခံစားချက်ဝင်ခဲ့တယ်။ လူတွေ ကြိုက်ပါ့မလားလို့ပေါ့” လို့ ပြောဆိုခဲ့ဖူးပါတယ်။
Ref:asiaone
You may also like these stories:
3D စနစ်နဲ့ ပြန်လည်ပြသတဲ့ ဟယ်ရီပေါ်တာရုပ်ရှင် တရုတ်မှာ အောင်မြင်မှုရရှိ
လိင်ပြောင်းအမျိုးသမီးတွေဟာလည်း အမျိုးသမီးတွေပဲလို့ Daniel Radcliffe ပြော
အနုပညာပြခန်းလို ဖန်တီးထားတဲ့ ထိုင်ဝမ်က Wuguan Books စာအုပ်ဆိုင်