Entertainment

“၂၀၂၀ က ကောင်းတဲ့ နှစ်တနှစ်ပါ”လို့ ဂုဏ်ရည်အေးကျော် ဆို

ကိုဗစ်ကာလမှာ ကိုယ်ပိုင် စီးပွားရေးအနေနဲ့ “Nom Nom” ခေါက်ဆွဲခြောက်လုပ်ငန်း လုပ်ဖြစ်တယ်လို့ အလှမယ် ဂုဏ်ရည်အေးကျော်က ဧရာဝတီကို ပြောပါတယ်။

“အခုလို ကိုဗစ်ကာလမှာ စီးပွားရေး အခြေချဖြစ်လာတယ်။ Activity တွေလည်း တင်ဖြစ်တယ်။ အရင်က Page Like ၁ သိန်းလောက်ပဲ ရှိတာ။ အခု ၄ သိန်းလောက် ရှိလာတယ်။ Live တွေ လုပ်တယ်၊ Give away တွေ လုပ်ပေးတယ်။ ပရိသတ်တွေက ဂုဏ်ရည်အေးကျော်ဆိုပြီး ပိုတောင် သိလာတယ်။ အရင်တုန်းက ပွဲတွေရှိလို့ ပွဲတွေမှာ ရိုက်တဲ့ ပုံတွေ ဓာတ်ပုံဆရာက Edit ပြီး ပေးရင်တောင် ဂုဏ်ရည်က မတင်ဖြစ်ဘူး”

“အခုက ပိုပြီး အွန်လိုင်းကနေ လှုပ်ရှားဖြစ်တော့ ပရိသတ်နဲ့ ထိတွေ့ဆက်ဆံမှု ပိုရှိပါတယ်။ Page ကတော့ အခု Active ဖြစ်နေပါတယ်။ အခု ဂုဏ်ရည် Nom Nom ခေါက်ဆွဲခြောက် ထုတ်နေပါပြီ။ စာရွက်စာတမ်းတွေ FDA ကို လျှောက်နေတုန်းဆိုတော့ အခု အဲ့ဒါတွေ လုပ်နေပါတယ်”လို့ ဂုဏ်ရည်အေးကျော်က ပြောပါတယ်။

ဧရာဝတီ စင်တာသို့ “Nom Nom” ခေါက်ဆွဲခြောက်တွေ လှူဒါန်းခဲ့တဲ့ ဂုဏ်ရည်အေးကျော်

အချိုးအကွေ့၊ အပြောင်းအလဲတိုင်းကို လက်ခံတယ်ဆိုတဲ့ ဂုဏ်ရည်အေးကျော်က ၂၀၂၀ ကလည်း ကောင်းတဲ့ နှစ်တနှစ်ပါလို့ ဆိုပါတယ်။

“၂၀၂၀ က ဇန်နဝါရီ၊ ဖေဖော်ဝါရီ Quarantine ၊ အခု New Year ရောက်တော့မယ်။ Quarantine တော့ အချိန်တွေ ပိုရတယ်။ အဲ့ကျမှ ကိုယ့်မိသားစုကို ချစ်မှန်း ပိုသိလာတယ်။ စိတ်လည်း ပူမိတယ်။ မိသားစု သိုက်သိုက်ဝန်းဝန်း နေဖြစ်တယ်။ ၂၀၂၀ က Self-care လုပ်တဲ့နှစ် ဖြစ်သွားတယ်။ အချိုးအကွေ့တိုင်း အပြောင်းအလဲတိုင်း ဂုဏ်ရည်က လက်ခံပါတယ်။ ၂၀၂၀ ကလည်း ကောင်းတဲ့ နှစ်တနှစ်ပါ”လို့ ဂုဏ်ရည်အေးကျော်က ပြောပါတယ်။

ပွဲတွေမှာ တင်ဆက်သူ၊ အခမ်းအနားမှူးအဖြစ်လည်း လုပ်ကိုင်တဲ့ ဂုဏ်ရည်အေးကျော်က ပွဲတွေသာ ဆက်တိုက် လုပ်ဖြစ်ရင် ကိုယ်ပိုင်လုပ်ငန်း ထုတ်ဖြစ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

အလှမယ် ဂုဏ်ရည်အေးကျော် (ဓာတ်ပုံ – Gonyi Aye Kyaw’s Facebook)

“ပွဲတွေ ဆက်တိုက် လုပ်ဖြစ်ရင်လည်း အခုလို ခေါက်ဆွဲခြောက်တွေ ထုတ်ဖြစ်မှာ မဟုတ်ဘူး။ အခုကျတော့ သေချာ ရင်းနှီးမြှုပ်နှံပြီး လုပ်ဖြစ်တော့ ကိုဗစ်မှာ ဂုဏ်ရည့်အတွက် ရရှိလိုက်တဲ့ အသီးအပွင့်တွေပေါ့။ ၂၀၂၀ သည်လည်း ယူတတ်ရင်တော့ သင်ခန်းစာတွေ အများကြီးနဲ့အတူ အပြောင်းအလဲတွေနဲ့ အကျိုးကျေးဇူးတွေ ရတဲ့ နှစ်ပါ”လို့ ဂုဏ်ရည်အေးကျော်က ဆိုပါတယ်။

အလှမယ် ဂုဏ်ရည်အေးကျော်ဟာ Miss Myanmar international 2013 အလှမယ် တဦးဖြစ်ပြီး အနုပညာ အလုပ်တွေအပြင် ပွဲအခမ်းအနားတွေမှာလည်း တင်ဆက်သူ၊ အခမ်းအနားမှူအနေနဲ့ လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

Loading