ဂျိမ်းစ်ဘွန်းနဲ့ ရော်ကီ ရုပ်ရှင်တွေကို ဖန်တီးခဲ့တဲ့ ကမ္ဘာကျော် ဟောလိဝုဒ်စတူဒီယို “MGM” ကို ဒေါ်လာ ၅ ဘီလီယံနဲ့ ရောင်းချဖို့ ရှိတယ်လို့ သိရပါတယ်။
အဲ့ဒီ စတူဒီယိုကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ရောင်းချဖို့ အကြိမ်တော်တော်များများ ကြိုးပမ်းခဲ့ကြပါတယ်။ အနီးစပ်ဆုံးကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက Netflix, Apple တို့နဲ့ ကနဦး ဆွေးနွေးမှုတွေကို လုပ်ဆောင်ခဲ့ပေမယ့် ဈေးနှုန်းက အရောင်းအဝယ်ဖြစ်စေဖို့ အဟန့်အတား ဖြစ်စေခဲ့တယ်လို့ သိရပါတယ်။
ဒါပေမဲ့ Streaming ကုမ္ပဏီတွေကြား အပြိုင်အဆိုင် ကြိုးပမ်းလာမှုကြောင့် စတူဒီယိုတွေရဲ့ Content တွေအတွက် ဝယ်ယူမယ့် ဈေးနှုန်းက တဖြည်းဖြည်း မြင့်တက်လာစေခဲ့ပြီး ကမ္ဘာကျော် ရုပ်ရှင်စီးရီးတွေကြောင့်လည်း ဈေးနှုန်းက မိုးထိ မြင့်မားလာခဲ့တယ်လို့ ဆိုပါတယ်။
MGM ဟာ ရုပ်ရှင်ကားပေါင်း ၄၀၀၀ ကျော်နဲ့ “The Handmaid’s Tale” လိုမျိုး ရုပ်သံအစီအစဉ်တွေကနေ “Gone with the Wind” နဲ့ “The Hobbit” တို့လို ရုပ်သံအစီအစဉ်တွေ အပါအဝင် ကြာချိန် နာရီပေါင်း ၁၇၀၀၀ ကျော်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ နှစ်တုန်းကလည်း ဝင်ငွေဒေါ်လာ ၁ ဒသမ ၅ ဘီလီယံရှိခဲ့ပါတယ်။
ဒါပေမဲ့ အကြွေး ဒေါ်လာ ၄ ဘီလီယံ တင်ခဲ့ပြီးတဲ့နောက် ဆယ်စုနှစ်တခု အကြာမှာပဲ ဒေဝါလီခံဖို့ အခြေအနေဖြစ်လာခဲ့တဲ့ MGM ဟာ “Rocky” ရဲ့ ခွဲထွက်ရုပ်ရှင်ဖြစ်တဲ့ “Creed” နဲ့ ဂျိမ်းစ်ဘွန်းရုပ်ရှင်အသစ်တွေကို ထပ်မံ ဖန်တီးခဲ့ပါတယ်။
ဂျိမ်းစ်ဘွန်းရုပ်ရှင်တွေဟာ သမိုင်းတလျှောက် ပဉ္စမမြောက် တန်ဖိုးအရှိဆုံး ရုပ်ရှင်စီးရီးဖြစ်ပြီး စုစုပေါင်း ရုပ်ရှင် ၂၄ ကားဟာ ဝင်ငွေ ဒေါ်လာ ၇ ဘီလီယံကျော် ရရှိထားပါတယ်။ သူ့ရဲ့အရှေ့မှာတော့ “Marvel”, “Star Wars”, “Harry Potter” နဲ့ “Spider-Man” ရုပ်ရှင်စီးရီးတွေက အသီးသီး ရပ်တည်နေပါတယ်။ များသောဖြင့် ပရိသတ် အင်အားတောင့်တဲ့ ရုပ်ရှင်တွေကို ရုံတင်တဲ့အခါ ရုံဝင်ငွေအဖြစ် အနည်းဆုံး ဒေါ်လာ ၁ ဘီလီယံလောက် ရရှိတတ်ကြပါတယ်။
မင်းသား Daniel Craig က ဂျိမ်းစ်ဘွန်းအဖြစ် နောက်ဆုံး သရုပ်ဆောင်ထားပြီး မကြာခင် ပြသဖို့ ရှိတဲ့ “No Time To Die” ရုပ်ရှင်ကိုတော့ ပြီးခဲ့တဲ့ ဧပြီလမှာ ပြသဖို့ စီစဉ်ထားခဲ့ပေမယ့် အခုအချိန်အထိ ပြသမယ့်ရက်ကို နှစ်ကြိမ် ရွှေ့ဆိုင်းခဲ့ရပြီးလည်း ဖြစ်ပါတယ်။
၁၉၂၄ ခုနှစ်မှာ ထူထောင်ခဲ့တဲ့ “Metro-Goldwyn-Mayer” လို့ လူသိများတဲ့ MGM စတူဒီယိုဟာ “The Wizard of Oz”, “Ben Hur” နဲ့ “Singin’ in the Rain” တို့လိုရုပ်ရှင်တွေနဲ့ အောင်မြင်မှုတွေ ရခဲ့ပေမယ့် အဲ့ဒီနှစ်တွေမှာ ပိုင်ရှင် လက်ပြောင်းလက်လွှဲတာတွေ ရှိခဲ့ပါတယ်။
ပိုင်ရှင်တွေထဲမှာတော့ စီးပွားရေးလုပ်ငန်းရှင်ကြီး Edgar Bronfman၊ လတ်စ်ဗေးဂတ် ကာစီနို ဘီလီယံနာ သူဌေးကြီး Kirk Kerkorian နဲ့ CNN ထူထောင်သူ Ted Turner တို့ ပါဝင်ကြပါတယ်။
Ref:theguardian
You may also like these stories:
One Direction ကို ကျော်ပြီး Twitter မှာ Follower အများဆုံးအဖွဲ့ ဖြစ်လာတဲ့ BTS
၂ နှစ်အတွင်း တလကို ဒေါ်လာ ၁ သန်းကျော် ဝင်ငွေရခဲ့တဲ့ JK Rowling
“Crash Landing On You” အောင်မြင်မှုအကြောင်း ပြောပြတဲ့ မင်းသား Hyun Bin