၂၀၂၁ ခုနှစ်မှာ ကျင်းပမယ့် ရွှေကမ္ဘာလုံး ဆုပေးပွဲအတွက် ဆန်ခါတင်စာရင်းကို ထုတ်ပြန်ခြင်း မရှိသေးပေမယ့် အငြင်းပွားဖွယ် ကိစ္စတွေကတော့ စတင်ပေါ်ပေါက်နေပြီ ဖြစ်ပါတယ်။
ဒါရိုက်တာ Lee Isaac Chung ရဲ့ “Minari” ရုပ်ရှင်ဟာ ဟောလိဝုဒ် နိုင်ငံခြားမီဒီယာအသင်းရဲ့ ဆုအမျိုးအစား လမ်းညွှန်ချက်နဲ့ မကိုက်ညီတာကြောင့် အဲ့ဒီရုပ်ရှင်ကို အကောင်းဆုံး ဇာတ်ကားဆု ယှဉ်ပြိုင်မှုအတွက် ထည့်သွင်းထားခြင်း မရှိဘူးလို့ Variety မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။ အဲ့ဒီသတင်း ထွက်လာပြီး မကြာမီမှာပဲ စိတ်ပျက်ရတဲ့အကြောင်း နာမည်ကျော် အနုပညာရှင်တော်တော်များများက ထုတ်ပြောလာကြပါတယ်။
ကိုရီးယားနွယ်ဖွား အမေရိကန်မင်းသား Steven Yeun သရုပ်ဆောင်ထားတဲ့ အဲ့ဒီရုပ်ရှင်ဟာ နိုင်ငံခြားစကားပြော ရုပ်ရှင်ဆုအတွက်တောင် လျာထားခံရခြင်း မရှိဘူးဆိုတဲ့ သတင်းကို တုံ့ပြန်ခဲ့ကြသူတွေထဲမှာ “The Farewell” ရုပ်ရှင်ဒါရိုက်တာ Lulu Wang လည်း ပါဝင်ခဲ့ပါတယ်။
သူက “ကျနော်က ဒီနှစ်ထက် Minari ထက် အမေရိကန် ပိုဆန်တဲ့ ရုပ်ရှင်ကို မတွေ့မိသေးပါဘူး။ ဒါဟာ အမေရိကန်အိပ်မက် မက်ဖို့ စိတ်ကူးယဉ်နေတဲ့ အမေရိကန်က ရွှေ့ပြောင်းမိသားစု တစုရဲ့ အကြောင်းအရာ ဖြစ်ပါတယ်” လို့ Twitter မှာ ရေးခဲ့ပါတယ်။
ရုပ်ရှင်တကားလုံးမှာ အင်္ဂလိပ်ဘာသာစကား မဟုတ်တဲ့ စကားပြော အနည်းဆုံး ၅၀ ရာခိုင်နှုန်းရှိရင် နိုင်ငံခြား စကားပြော ရုပ်ရှင်ဆုအတွက် ယှဉ်ပြိုင်နိုင်ခွင့်ရှိတယ်ဆိုတဲ့ စည်းမျဉ်းကို ပြင်ဆင်သင့်တယ်လို့ ဒါရိုက်တာ Lulu က တောင်းဆိုထားပါတယ်။ သူက “အင်္ဂလိပ်စကားပြော တခုတည်းနဲ့ အမေရိကန်ဆိုတဲ့ အသွင်အပြင်ကို ပုံဖော်တယ်ဆိုတဲ့ စည်းမျဉ်းတွေကို ကျမတို့ တကယ်ပြောင်းလဲဖို့ လိုပါတယ်” လို့ ဆိုပါတယ်။
ဒါ့အပြင် “Minari” ရုပ်ရှင်ကို အကောင်းဆုံးနိုင်ငံခြား စကားပြော ရုပ်ရှင်ဆုအတွက် လျာထားခြင်း မရှိတဲ့ အပေါ်မှာလည်း ဆုရွေးချယ်ရေးအဖွဲ့ကို ကန့်ကွက်ခဲ့ပါတယ်။ “Little Fires Everywhere” စာရေးဆရာ Celeste Ng ကလည်း အခုလို မူဝါဒအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။
သူက “ဒါဟာ အမေရိကန်နိုင်ငံက ကိုရီးယားစကားပြော အမေရိကန်နိုင်ငံသားတွေရဲ့ အကြောင်း ရိုက်ထားတဲ့ အမေရိကန်တယောက်ရဲ့ သိပ်ကို လှပတဲ့ရုပ်ရှင် ဖြစ်ပြီး ဘယ်ဆု အမျိုးအစားမှာမဆို ဆန်ခါတင်ဝင်ဖို့ ထိုက်တန်ပါတယ်။ အင်္ဂလိပ်စကားပြော ရုပ်ရှင်တွေကိုပဲ အမေရိကန်ရုပ်ရှင်အဖြစ် စာရင်းသွင်းမယ်ဆိုတဲ့ အစီအစဉ်ကတော့ တကယ့်ကို ကြောင်တောင်တောင် နိုင်ပါတယ်” လို့ Twitter မှာ ရေးသားခဲ့ပါတယ်။
“Minari” ရုပ်ရှင်ကို ၂၀၂၀ Sundance ရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက် ပြသခဲ့ပြီး ဖြစ်ပါတယ်။ အဲ့ဒီရုပ်ရှင်ဟာ U.S. Dramatic Grand Jury Prize နဲ့ U.S. Dramatic Audience Award ဆုတွေကိုလည်း ရရှိမယ့် အလားအလာမှာ ရှိနေပါတယ်။
အဲ့ဒီရုပ်ရှင် အကြောင်းအရာကတော့ ၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက အာကန်ဆတ်ပြည်နယ်၊ ကျေးလက်ဒေသမှာ အခြေချဖို့ ကြိုးစားကြတဲ့ တောင်ကိုရီးယား နယ်မြေ ရွှေ့ပြောင်းလာသူ မိသားစု တစုအကြောင်း ဇာတ်အိမ်တည်ထားပါတယ်။ ၂၀၂၁ ခုနှစ်အတွက် ရွှေကမ္ဘာလုံးဆု ဆန်ခါတင်စာရင်းကိုတော့ လာမယ့် ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ကြေညာမယ်လို့ သိရပါတယ်။
Ref: aceshowbiz
You may also like these stories:
ဟောလိဝုဒ် စတူဒီယို “MGM” ကို ဒေါ်လာ ၅ ဘီလီယံဖြင့် ရောင်းချမည်
၂ နှစ်အတွင်း တလကို ဒေါ်လာ ၁ သန်းကျော် ဝင်ငွေရခဲ့တဲ့ JK Rowling
Tom Cruise ဒုတိယအကြိမ် အော်ငေါက်ပြီးနောက် ရိုက်ကူးရေး အဖွဲ့သားတွေ နုတ်ထွက်