ရုပ်ရှင်ဥပဒေကို ပြင်ဆင်ကာ Rating System ပြုလုပ်ပေးဖို့အတွက် မြန်မာနိုင်ငံ ဝတ္ထု၊ ဇာတ်ညွှန်း ၊ ဒါရိုက်တာများအသင်း (Writers & Directors Organization of Myanmar) က ဦးဆောင်လှုပ်ရှားလျက်ရှိပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပြန်ကြားရေးဝန်ကြီးနဲ့ သွားရောက် တွေ့ဆုံခဲ့ပါတယ်။
အဆိုပါ တွေ့ဆုံမှုမှာတော့ ပြန်ကြားရေးဝန်ကြီးအနေနဲ့ Rating System အတွက် အလွှာပေါင်းစုံမှ လောကသားများရဲ့ ထောက်ခံကြောင်းကို တင်ပြဖို့အတွက် လိုလားလျက်ရှိတာကြောင့် လက်မှတ်များ၊ သဘောတူညီ ထောက်ခံမှုများကို စတင် ကောက်ခံတော့မှာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌနဲ့ အမှုဆောင်အဖွဲ့ဝင်များမှ သဘောတူညီ ထောက်ခံကြောင်းကို စတင်လက်မှတ် ရေးထိုးခဲ့ကြပြီ ဖြစ်ပါတယ်။
“လက်ရှိ ကျင့်သုံးနေသော ဆင်ဆာစနစ်မှ ရုပ်ရှင်အဆင့် သတ်မှတ်ချက်စနစ် (Rating System)ကို ပြောင်းလဲ ကျင့်သုံးဖို့အတွက် သဘောတူညီ ထောက်ခံကြောင်းကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင် အပါအဝင် အမှုဆောင်အဖွဲ့ဝင်များမှ စတင် လက်မှတ်ရေးထိုးခဲ့ကြပါတယ်” လို့ Writers & Directors Organization of Myanmar အဖွဲ့က ပြောပါတယ်။
နောက်ထပ်လည်း ရုပ်ရှင်လောကသားများ၊ ရုပ်ရှင်နဲ့ သက်ဆိုင်သူများနဲ့ အနုပညာကဏ္ဍ အားလုံးမှ အနုပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များ လက်မှတ်ရေးထိုးနိုင်ဖို့ အတွက်လည်း နေရာများ စီစဉ်ထားတယ်လို့ သိရပါတယ်။
“ရုပ်ရှင်လောကသားများ၊ ရုပ်ရှင်နှင့်သက်ဆိုင်သူများ၊ ဂီတ၊ သဘင်၊ စာပေ၊ ပန်းချီ၊ ပန်းပု စသဖြင့် အနုပညာကဏ္ဍ အားလုံးမှ အနုပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ပါဝင်ကူညီ လက်မှတ်ရေးထိုးနိုင်ဖို့အတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အပါအဝင် နေရာ ၆ နေရာမှာ စီစဉ်ထားပါတယ်” လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၂၆ ရက်နေ့ကနေ ၃၀ ရက်နေ့ထိ မနက် ၁၀ နာရီ မှ ညနေ ၄ နာရီအတွင်း လက်မှတ် ရေးထိုးနိုင်မှာ ဖြစ်ပါတယ်။
“လာမယ့် ၂၆ ၊ ၂၇ ၊ ၂၈ ၊ ၂၉ ၊ ၃၀ ရက်များမှာ မနက် (၁၀) နာရီမှ ညနေ (၄) နာရီအတွင်း သွားရောက်လက်မှတ် ရေးထိုးနိုင်ပါတယ်။ အားလုံးပါဝင် ကူညီ ထောက်ခံပေးကြဖို့လည်း လေးစားစွာ တောင်းဆိုပါတယ် ခင်ဗျာ” လို့ WDOM အဖွဲ့က ဆိုပါတယ်။
အဆိုပါ Rating System အသက်ဝင်စေဖို့ “ရုပ်ရှင်ဆင်ဆာ မလိုအပ်ပါ” ဆိုတဲ့ ကမ်ပိန်းကိုတော့ ဒီဇင်ဘာ ၁၁ ရက်နေ့က လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တွင်တွင်ကျယ်ကျယ် ပြုလုပ်လာကြတာဖြစ်ပြီး အနုပညာရှင်များစွာ ပါဝင်ထားတာ တွေ့ရပါတယ်။
You may also like these stories:
Rating System ဖြစ်ဖို့ အလွှာပေါင်းစုံက လောကသားတွေရဲ့ ထောက်ခံမှု လိုအပ်
“ဆင်ဆာအဖွဲ့အနေနဲ့ အမြင်ကျယ်ကျယ်ထားပြီး Rating System လုပ်သင့်တယ်”
Rating စနစ်ကို တောင်းဆိုနေကြတဲ့ ရုပ်ရှင်ဖန်တီးသူများ