မြန်မာနိုင်ငံမှာလည်း COVID-19 ရောဂါ ကူးစက်မှု ဒုတိယလှိုင်းကို ကြုံတွေ့ ခံစားနေရပါတယ်။ လက်ရှိမှာ ကိုဗစ်လူနာတွေကို ရှေ့တန်းကနေ တိုက်ပွဲဝင် ကုသပေးနေကြတဲ့ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအတွက် အနုပညာရှင်တွေက အခုလိုပဲ အားပေး ဂုဏ်ပြုစကား ပြောခဲ့ကြပါတယ်။
အဆိုတော် မေလသံစဉ်
“ဆရာဝန်တွေ၊ စေတနာဝန်ထမ်းတွေ၊ Nurse တွေ သူတို့ဆို အရမ်းပူတဲ့ PPE တွေ ဝတ်ပြီး ချွေးတွေနဲ့ နေရတာ။ မေလတို့ Mask တပ်တာတောင် ချွေးတွေ ထွက်နေတာ။ မေလဆို ပစ္စည်းတွေ လှူဖို့ လက်အိတ်စွပ်ထားတာ ၁ နာရီတောင် မကြာဘူး။ ချွေးတွေ အရမ်းထွက်လို့ ချွတ်ချင်တာ။ သူတို့ဆို တနေကုန် ဝတ်ရတယ်။ အဲ့လိုဝတ်ရတာတင် မဟုတ်ဘူး။ လူနာတွေကိုလည်း လိုက်စောင့်ရှောက်ရတယ်။ မေလတို့ မလုပ်နိုင်တာတွေ လုပ်ပေးတဲ့အတွက် ကုသိုလ်လည်း ရတယ်။ အဲ့အတွက် သူတို့ကို ကျေးဇူးလည်း တင်ပါတယ်။ မေလလည်း လေးစားပါတယ်”
အလှမယ် နန်းခင်ဇေယျာ
“အခုလို ကိုဗစ်အချိန်မှာ တိုက်ပွဲဝင်ပေးနေကြတဲ့ ဆရာဝန်တွေ၊ ဆရာမတွေ၊ Volunteer တွေ၊ ပရဟိတသမားတွေ အကုန်လုံးကို ကျေးဇူးတင်ပါတယ်။ အရမ်းလေးစားပါတယ်။ အခုလိုချိန်မှာ ကိုယ့်အသက်ကို မငဲ့ဘဲ လုပ်ကိုင်ပေးနေကြတာ အရမ်းဂုဏ်ယူရပါတယ်”
အလှမယ် ထားထက်ထက်
“ဒီရောဂါကို တိုက်ထုတ်ပေးနေသူတွေ၊ ကူညီပေးနေသူတွေကို အလေးပြုပြီးလေးစားပါတယ်။ ထားထက်တို့ We Love Yangon နဲ့ ဖျော်ဖြေရေး လုပ်ပေးတုန်းက သူတို့လေးတွေကို ကြည့်တာ သူတို့လေးတွေ ပင်ပန်းနေကြပြီ။ ဒါပေမဲ့ ဆက်ပြီး တောင့်ထားပြီး လုပ်ပေးနေကြတုန်းပဲ။ အိမ်မပြန်ဘဲ ကူညီပေးနေသူတွေ တကယ်ကို မလွယ်ကူပါဘူး။ အပြစ် ထိုင်ပြောတာ လွယ်တယ်။ တကယ်လုပ်ရင် မလွယ်ကူပါဘူး”
“အဲ့အတွက် ဆရာဝန်တွေ၊ Nurse တွေ၊ ပရဟိတသမားတွေ၊ Volunteer တွေ သူတို့တွေ အကုန်လုံးကိုလေးစားပါတယ်။ ချီးလည်း ချီးကျူးပါတယ်။ သူတို့ကို ကူညီတဲ့ အနေနဲ့ စည်းကမ်းလေးတွေ လိုက်နာစေချင်တယ်”
အလှမယ် ဂုဏ်ရည်အေးကျော်
“ဒီရောဂါကို တိုက်ထုတ်ပေးနေကြသူတွေကို အရမ်းကျေးဇူးတင်ပါတယ်။ အရမ်း ပင်ပန်းခက်ခဲကြမယ်ဆိုတာကို သိတယ်။ ဂုဏ်ရည့် အဖေကလည်း ဆရာဝန်၊ အခုတော့ ပင်စင်နားနေရတယ်။ ဂုဏ်ရည်ဆရာဝန်တွေ ဘဝကို နားလည်တယ်။ မိသားစု ထမင်းစားချိန်ဆိုတာ လူနာတွေနဲ့ ပတ်သက်ရင် မရှိဘူး။ ဆေးခန်းပိတ်မယ့် အချိန်ကလည်း ပုံမှန်မရှိဘူး”
“မိသားစုနဲ့ တပတ်တရက် နေဖို့တောင် အဖေ့အတွက် အချိန်လုခဲ့ရတာဆိုတော့ ဂုဏ်ရည် ဆရာဝန်တွေကို နားလည်တယ်။ ဒီလို ကာလမှာ မိသားစုပစ် အိမ်ပစ်၊ ပြန်လာရင်လည်း မိသားစုနဲ့ ခွဲနေရတာကို ကိုယ်ချင်းစာတယ်။ အခုလိုချိန်မှာ ကူညီပေးနေသူအားလုံးကို ကိုယ်ချင်းစာစွာ နားလည်စွာနဲ့ ကျေးဇူးတင်ပါတယ်”