ကချင်အစားအစာတွေကို “NU’s Kitchen” နာမည်နဲ့ ရောင်းချနေတဲ့ အလှမယ် Lဘောက်နူးက ကိုဗစ်ကာလဖြစ်တဲ့အတွက် အွန်လိုင်းကနေပဲ ရောင်းချပေးနေတယ်လို့ ဆိုပါတယ်။
“NU’s Kitchen ကို ဖေဖော်ဝါရီမှာ စတင် မိတ်ဆက်လိုက်တယ်။ ကိုဗစ်ဖြစ်သွားတော့ အွန်လိုင်းကနေပဲ အော်ဒါ လက်ခံပြီး ရောင်းနေတယ်။ ကြားမှာ Volunteer လုပ်တဲ့ ၁ လရယ်၊ နောက် ၁ လရယ် နားလိုက်တယ်။ အခု ဒီဇင်ဘာမှာ ပြန်ရောင်းနေတယ်။ အခုအားပေးတဲ့သူတွေလည်း တဖြည်းဖြည်း များလာတယ်။ NU’s Kitchen မှာ ဆိုရင် ကချင်ဒံပေါက်၊ ကြက်ကချင်၊ ဝက်ကချင်၊ စကောထမင်းတွေလည်း ရောင်းတယ်”လို့ Lဘောက်နူးက ပြောပါတယ်။
“NU’s Kitchen” မှာ ကချင်အစားအစာတွေကို အဓိက ရောင်းချပေးနေတာဖြစ်ပြီး Lဘောက်နူးက ကိုယ်တိုင်လည်း ချက်သလို မိသားစုကလည်း ချက်ကြတယ်လို့ ဆိုပါတယ်။
“ဒီလမှာဆို မုန်ညှင်းစော ရမယ်။ နောက်ထပ်လည်း Menu အသစ်တွေ ထပ်လုပ်ဖို့ ရှိပါမယ်။ ကိုဗစ် ပထမလှိုင်းတုန်းက နူးကိုယ်တိုင် ချက်တယ်။ ကိုယ်တိုင်လည်း ပို့တော့ အရမ်းမောပြီး ဝိတ်တွေလည်းကျနဲ့မို့ အခုပြန်ရောင်းတော့ နူးကိုယ်တိုင် လိုက်မပို့တော့ဘူး။ ကိုယ်တိုင်လာပို့ပေးပါ ပြောရင်တော့ သွားပို့ပေးတယ်။ အခုချက်တာကတော့ နူးရော၊ မိသားစုရော ချက်ကြတယ်”လို့ L ဘောက်နူးက ပြောပါတယ်။
အနုပညာရှင်တွေ ကိုဗစ်ကာလမှာ ဈေးရောင်းကြတာကို လူအချို့ ဝေဖန်ကြတဲ့အပေါ်လည်း Lဘောက်နူးက အခုလိုပဲ ဆိုပါတယ်။
“နူးက စီးပွားရေးသမားလည်း မဟုတ်တော့ အများကြီး မပြောပြတတ်ဘူး။ ပင်လယ်ရေက တယောက်တည်း သောက်မကုန်ပါဘူး။ အခုချိန်မှာ ကိုယ်ခက်ခဲတာ ကိုယ်ပဲသိတယ်။ အခုလိုချိန်မှာ အားလုံးက အလုပ်တွေ နားထားရတယ်။ ထွက်ငွေတွေ ရှိတယ်။ အဲ့အတွက် ကိုယ်ရုန်းကန်ဖို့ နည်းလမ်း အမျိုးမျိုးနဲ့ ရှာဖွေကြတယ်။ အဲ့လိုချိန်မျိုးမှာ နူးက အစားအသောက်လုပ်ငန်း လုပ်တယ်။ နူးကတော့ ဘယ်သူ့ကို ထိခိုက်ပါစေတော့ဆိုတဲ့ စိတ်နဲ့တော့ နူးမလုပ်ဘူး”လို့ ပြောပါတယ်။
Lဘောက်နူးက ကချင်အစားအစာ လုပ်ငန်းက ကျွမ်းကျင်တဲ့ အလုပ်ဖြစ်တာကြောင့် ရေရှည်လုပ်သွားဖို့ စိတ်ကူးထားတယ်လို့ ဆိုပါတယ်။
“ကိုယ်ကျွမ်းကျင်တာလေးနဲ့ ကိုယ့်စေတနာလေးနဲ့ လုပ်တာဖြစ်တဲ့အတွက် ကိုဗစ်ကာလမှ မဟုတ်ဘူး။ ကိုဗစ်ကာလ ပြီးရင်လည်း ဆက်လုပ်သွားမှာပါ။ ရေရှည် Plan တွေ ရှိတာမို့ နူးက ဆက်လုပ်သွားမှာပါ။ နူးတို့ကြောင့် တခြားသူ ထိခိုက်သွားတာရှိရင် နူးက တောင်းပန်ပါတယ်။ နူးတို့ကတော့ ကိုယ့်ဘဝရပ်တည်ဖို့ နေ့စဉ် အသုံးစရိတ်တွေအတွက်တော့ အခုလို စီးပွားရေးကတော့ လုပ်ရမှာပါ”လို့ Lဘောက်နူးက ပြောပါတယ်။
ကချင်တိုင်းရင်းသူ Lဘောက်နူးကတော့ Miss Supranational Myanmar 2015 အလှမယ် တဦးဖြစ်ပြီး၊ ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း ဖောင်ကြီး ကိုဗစ် ကုသရေးစင်တာမှာ Volunteer အနေနဲ့ ၁ လတာ သွားရောက် လုပ်ကိုင်ခဲ့ပါတယ်။
You may also like these stories:
ဖောင်ကြီးမှာ ၁ လတာ Volunteer သွားရောက် လုပ်အားပေးခဲ့တဲ့ Lဘောက်နူး
ကျန်းမာရေးနဲ့ စေတနာ့ ဝန်ထမ်းတွေအတွက် အနုပညာရှင်များရဲ့ အားပေးစကား