အဆိုတော် ကော်နီနဲ့ “ကြည့်ခွင့်တော့ရှိတယ် ထိခွင့်မရှိ” သီချင်း ထွက်ရှိထားတဲ့ အဆိုတော် ပြည်ဘုန်းမော်က သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်း မင်းတော်ဝင်အကြောင်း အခုလိုပဲ ပြောပြခဲ့ပါတယ်။
“ကျနော့်အတွက် မင်းတော်ဝင်က ဘဝမှာ အရေးကြီးဆုံး သူငယ်ချင်းပါပဲ။ ကျနော် ဘာတွေ ဖြတ်သန်းခဲ့ရတယ်။ ဘယ်လောက် အနုပညာ ရူးသွပ်ခဲ့တာတွေ၊ အိမ်ကို မပြောချင်တဲ့ စိတ်ညစ်စရာတွေ၊ မင်းတော်ဝင် မသိတာ မရှိပါဘူး။ ကျနော်က ဒီလိုမျိုး သူငယ်ချင်း ရှိတာကိုက ကျနော့်အတွက်တော့ ဂုဏ်ယူစရာပါ။ နောက်ထပ် ဂုဏ်ယူစရာ ကောင်းတာက ကိုယ်ရူးသွပ်တဲ့ အနုပညာကို အတူတူ လုပ်ခွင့်ရနေတာပေါ့”လို့ ပြည်ဘုန်းမော်က ပြောပါတယ်။
သူချစ်တဲ့ အနုပညာကို သူငယ်ချင်းနဲ့ အတူတူ လုပ်ခွင့်ရတဲ့အတွက် ကံကောင်းတယ်လို့ ခံယူထားပြီး မင်းတော်ဝင်ဆီက အတူယူစရာ အချက်တွေကိုလည်း အခုလိုပဲ ဆိုပါတယ်။
“ကျနော်ချစ်တဲ့ အနုပညာကို ချစ်ရတဲ့ သူငယ်ချင်းနဲ့ အတူတူ လုပ်ခွင့်ရတာ ကျနော့်အတွက် ကံကောင်းခြင်းပါ။ ကျနော်ကတော့ သူနဲ့ အကုန်တိုင်ပင်ဖြစ်တယ်။ ကျနော့် သူငယ်ချင်းဆီက ရတာတော့ စိတ်ရှည်သည်းခံမှုပါပဲ။ ကျနော်က ပျာယာခတ်တယ်။ စိတ်လှုပ်ရှားလွယ်တယ်။ မင်းတော်ဝင်က အရာအားလုံး တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်သန်းတတ်တယ်။ အဲ့ဒါက ကျနော့်အတွက် သူ့ဆီက အတုယူစရာ အချက်ပေါ့”လို့ ပြည်ဘုန်းမော်က ပြောပါတယ်။
ပြည်ဘုန်းမော်နဲ့ ပေါင်းသင်းလာတာ ၁၀ နှစ်ကျော်ပြီဆိုတဲ့ မင်းတော်ဝင်က အနုပညာနဲ့ ပတ်သက်ပြီး တိုင်ပင်ဖြစ်ကြတယ်လို့ ဆိုပါတယ်။

“ကျနော်နဲ့ ပြည်ဘုန်းမော်က ပေါင်းလာတာ ၁၀ နှစ်ကျော်ပြီ။ ကျနော်တို့ အနုပညာ အတူတူ လုပ်ခွင့်ရတာ ပျော်စရာကောင်းပါတယ်။ ပြည်ဘုန်းမော်က အရမ်းလေ့လာအား ကောင်းတယ်။ ကျနော် အနုပညာနဲ့ ပတ်သက်တာလည်း ဘက်ပေါင်းစုံကနေ လုပ်တတ်သူမို့ သူ့ဆီကလည်း အတုယူရတာတွေ ရှိတယ်”
“ပြည်ဘုန်းမော်က ယုံကြည်ရတဲ့ သူငယ်ချင်း တယောက်၊ တချို့ သူငယ်ချင်းတွေက မယုံရတာတော့ မဟုတ်ဘူး။ ကျနော့်အတွက် အကြံဉာဏ်ကောင်းတွေ ပေးနိုင်တဲ့ သူငယ်ချင်းတယောက်၊ ကျနော်တို့ အနုပညာနဲ့ ပတ်သက်ပြီး တိုင်ပင်ဖြစ်ကြတယ်”လို့ မင်းတော်ဝင်က ပြောပါတယ်။
သရုပ်ဆောင် မင်းတော်ဝင်က ကိုယ်တိုင်လည်း ဒါရိုက်တာ အနေနဲ့ ဇာတ်ကားတွေ ရိုက်ကူးနေသူ ဖြစ်ပါတယ်။ ဒီနှစ်အတွင်းမှာလည်း “ဒုလ္လဘကိုယ်တော်” ဆိုတဲ့ ရုပ်သံ ဇာတ်လမ်းကို ကိုယ်တိုင် ဒါရိုက်တာ အနေနဲ့ ရိုက်ကူးထားပြီး သူကိုယ်တိုင် ပါဝင် သရုပ်ဆောင်ထားပါတယ်။
ဒါ့အပြင် မင်းတော်ဝင်က အဆိုတော် ကော်နီနဲ့ ပြည်ဘုန်းမော်တို့ သီဆိုထားတဲ့ “ကြည့်ခွင့်တော့ရှိတယ် ထိခွင့်မရှိ” သီချင်း Music Video ကို ဒါရိုက်တာအနေနဲ့ ဖန်တီး ရိုက်ကူးပေးထားပါတယ်။
အဆိုတော် ပြည်ဘုန်းမော်ကတော့ “အိပ်မက်ဆုံရာ” Season 8 သီချင်းဆိုပြိုင်ပွဲမှ တဆင့် အနုပညာလောကထဲ ဝင်ရောက်လာသူဖြစ်ပြီး တကိုယ်တော် သီချင်းများ ထွက်ရှိထားပါတယ်။
You may also like these stories:
“ကြည့်ခွင့်တော့ရှိတယ် ထိခွင့်မရှိ” သီချင်းအကြောင်း ပြောပြတဲ့ ပြည်ဘုန်းမော်
အွန်လိုင်းကနေ ဆေးပညာနဲ့ ပတ်သက်တာတွေ တင်ပေးနေတဲ့ မင်းတော်ဝင်
“ဒုလ္လဘကိုယ်တော်” ရုပ်သံဇာတ်လမ်းအကြောင်း ပြောပြတဲ့ မင်းတော်ဝင်