အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ ကွယ်လွန်သူ အဆိုတော် မိုက်ကယ်ဂျက်ဆင်ရဲ့ နာမည်ကျော် Neverland Ranch ခြံကြီးကို သူ ကွယ်လွန်ပြီး ၁၀ နှစ်ကျော်အကြာမှာ ရောင်းချနိုင်ခဲ့ပြီလို့ သိရပါတယ်။
မိုက်ကယ်ဂျက်ဆင်ဟာ အဲ့ဒီခြံကြီးထဲမှာ လူငယ် ကောင်လေးတဦးကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခဲ့တယ်ဆိုတဲ့ စွဲချက်တွေကို ရင်ဆိုင်ခဲ့ရပြီးတဲ့နောက် အဲ့ဒီ ပိုင်ဆိုင်မှုကို စွန့်ပစ်ခဲ့တာလည်း ဖြစ်ပါတယ်။
မိုက်ကယ်ရဲ့ မိသားစု မိတ်ဆွေဟောင်း ဘီလီလျံနာ ရင်းနှီးမြှုပ်နှံသူ Ron Burkle က အကျယ်အဝန်း ဟက်တာ ၁၀၀ ကျယ်ဝန်းတဲ့ အဲ့ဒီအိမ်ကြီးနဲ့ ခြံကို မကြာသေးခင်တုန်းက ဝယ်ယူခဲ့တာဖြစ်တယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောရေးဆိုခွင့်ရှိသူက ဆိုထားပါတယ်။
The Wall Street Journal ရဲ့ အဆိုအရ လွန်ခဲ့တဲ့သော နှစ်အနည်းငယ်က “Sycamore Valley Ranch” လို့ နာမည်ပြောင်းလိုက်တဲ့ အဲ့ဒီအိမ်ကြီးကို ဒေါ်လာ ၂၂ သန်းရောင်းချခဲ့တယ်လို့ အများပြည်သူထံ ထုတ်ပြန်တဲ့ မှတ်တမ်းထဲမှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။ ၂၀၁၅ ခုနှစ်ကတော့ အဲ့ဒီခြံကြီးကိုဒေါ်လာ သန်း ၁၀၀ နဲ့ ဈေးခေါ်ခဲ့ပေမယ့် ၂၀၁၇ ခုနှစ် အရောက်မှာတော့ ရောင်းဈေးကို ဒေါ်လာ ၆၇ သန်းအထိ ဈေးလျှော့လာခဲ့တာ တွေ့ရပါတယ်။
သူဌေးကြီး Burkle ရဲ့ ပြောခွင့်ရသူက သူ့ရဲ့ သူဌေးစီးပွားရေး လုပ်ငန်းရှင်ကြီးဟာ ခြံမြေ စုဆောင်းမှု အခွင့်အလမ်းတခုအနေနဲ့ ရင်းနှီးမြှုပ်နှံခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
သူဌေးကြီးဟာ တခြားနေရာတခုကို လာရောက် ကြည့်ရှုနေစဉ် ရဟတ်ယာဉ်ပေါ်ကနေ အဲ့ဒီခြံကြီးကို တွေ့ရှိခဲ့တာ ဖြစ်ပြီး အရောင်းအဝယ် ပြုလုပ်နိုင်ဖို့ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ Colony Capital LLC ရဲ့ တည်ထောင်သူ Tom Barrack ထံ ဆက်သွယ်ခဲ့တာလို့ သိရပါတယ်။ အဲ့ဒီအချိန်တုန်းကတော့ အဲ့ဒီခြံကြီးကို အရောင်းနားထားချိန်လည်း ဖြစ်ပါတယ်။
၂၀၀၉ ခုနှစ်မှာ ဆေးလွန်မှုကြောင့် သေဆုံးခဲ့ရတဲ့ အဆိုတော် မိုက်ကယ်ဟာ လော့စ်အင်ဂျလိစ်မြို့ မြောက်ဘက် ၁၉၃ ကီလိုမီတာ အကွာမှာရှိတဲ့ အဲ့ဒီ အိမ်နဲ့ ခြံကြီးကို ၁၉၈၈ ခုနှစ်က ဒေါ်လာ ၁၉ ဒသမ ၅ သန်းနဲ့ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ ငွေကြေးဆိုင်ရာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးတဲ့နောက် ၂၀၀၈ ခုနှစ်မှာတော့ သူဟာ အဲ့ဒီပိုင်ဆိုင်မှုအပေါ် ချေးငွေအပေါင် တင်ထားတဲ့ Colony Capital LLC ကုမ္ပဏီထံ ပိုင်ဆိုင်မှု လွှဲပြောင်းပေးခဲ့ပါတယ်။
“Peter Pan” ဇာတ်လမ်းထဲက နာမည်တခုဖြစ်တဲ့ “Neverland” လို့ နာမည်ပေးထားတဲ့ အဲ့ဒီအိမ်နဲ့ ခြံကြီးထဲမှာ ရထားလမ်းနဲ့ အပန်းဖြေ ပန်းခြံအတွင်း လျှောက်လည်ရသလို ဖန်တီးထားတဲ့ တိရိစ္ဆာန်ဥယျာဉ်တခု အနေနဲ့ နာမည်ကြီးပြီး မိုက်ကယ်ဂျက်ဆင်တို့ မိသားစုအတွက် အပန်းဖြေနေရာလည်း ဖြစ်ပါတယ်။
မိုက်ကယ်ဂျက်ဆင်ဟာ အဲ့ဒီခြံကြီးထဲမှာ ကလေးတွေကို ဖျော်ဖြေမှု ပြုလုပ်ခဲ့ပြီး လာရောက်တဲ့ ကလေးတွေထဲက တယောက်ကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခဲ့ကြောင်း ၂၀၀၅ ခုနှစ်မှာ တရားစွဲခံခဲ့ရပါတယ်။ အဲ့ဒီအမှု ပြီးဆုံးခဲ့ပြီးတဲ့နောက် မိုက်ကယ်ဂျက်ဆင်ဟာ အဲ့ဒီအိမ်နဲ့ ခြံကြီးထဲ ဘယ်တော့မှ ပြန်လာတော့မှာ မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။
Ref: asiaone