Entertainment

အဆိုတော် အောင်ရင် ဒုတိယအကြိမ် ကိုဗစ်ဖြစ်

Want create site? Find Free WordPress Themes and plugins.

အင်္ဂလန်မှာ နေထိုင်လျက်ရှိတဲ့ အဆိုတော် အောင်ရင်က ဒုတိယအကြိမ် COVID–19 ရောဂါ ကူးစက်ခံထားရပြီး ဒီတခါမှာတော့ သူ့ရဲ့အမျိုးသမီးနဲ့ နှစ်ယောက်လုံး ကူးစက်ခံခဲ့ရတယ်လို့ သိရပါတယ်။

“ဝေဒနာ ဘယ်လို ခံစားရလဲ မေးရင်တော့ ကျနော့်အနေနဲ့က ၂ ရက် အပြင်း ဖျားတယ်။ ချောင်းဆိုးတယ်။ ရင်ဘတ် တချိန်လုံး အောင့်တယ်။ ခေါင်းမူး၊ အားနည်း၊ မောသလို နည်းနည်း ဖြစ်တယ်။ သိပ်မလှုပ်နိုင်လို့ လှဲနေရတာ များတယ်။ အိမ်မှာ အပေါ်ထပ် အောက်ထပ်ကို သိပ်မသွားနိုင်လို့ အပေါ်ထပ် အိပ်ခန်းထဲမှာ အနေများတယ်”

“တချက်တချက် သက်သာပြီလား ထင်နေတုန်း ကိုယ်တွေလက်တွေ ပြန်ကိုက်ပြီး ဖျားချင်လာလို့ စောင်ခြုံပြီး ပြန်ကွေးနေရတယ်။ ဒေါ်မိုးကတော့ ကျနော်နဲ့ မတူတဲ့ ရောဂါ လက္ခဏာက ရင်ဘတ် မအောင့်ဘူး။ တချိန်လုံး ပျို့တယ်၊ အန်ချင်တယ်။ ဖျားတာတောင် တရက်ပဲ ဖျားတယ်။ ပြန်ထူထောင်လာတာလည်း မြန်တယ်”လို့ အောင်ရင်က ပြောပါတယ်။

တခြားသူများ ကိုဗစ်နဲ့ အသက်ပေးနေတဲ့အချိန်မှာ ဒီလောက် ဝေဒနာပဲ ခံစားရတာ တော်သေးတယ်လို့ မှတ်ယူပြီး ပြောင်းလဲလာတဲ့ ကိုဗစ်ပိုးက ကူးစက်မြန်၍ အားတော့ သိပ်မပြင်းဘူးလို့ ဆိုပါတယ်။

“ကျနော့်အနေနဲ့တော့ ဒီလိုဖြစ်စဉ်အပေါ်မှာ တချို့တွေ ကိုဗစ်ဖြစ်ပြီး အသက်တောင် သေရသေးတာ။ ငါဒီလောက်ပဲဖြစ်တာ တော်သေးတယ်လို့ မှတ်ပါတယ်။ တခြားသွားတာ လာတာ မရှိပေမယ့် ဈေးဝယ် ဘာဝယ်၊ Mask တပ်၊ လက်ဆေး လုပ်ပေမယ့် မှတ်မှတ်ရရ ဒီဇင်ဘာ ၁၀ ရက်တုန်းကတော့ ဈေးသွားဝယ်တာ Mask တပ်ပေမယ့် လက်ဆေးတာကို မလုပ်ဖြစ်တာ မှတ်မိတယ်”

“ကြိုတင်ကာကွယ်မှု မယူရင် ပိုဆိုးမယ် ထင်ပါတယ်။ သတိထားနေရင်းတောင် အခု ပြောင်းလာတဲ့ Covid New Strain (ကိုဗစ် မျိုးဗီဇကွဲ ဗိုင်းရပ်စ်) က ကူးစက်မှု အရမ်းမြန်တယ်။ အားတော့ သိပ်မပြင်းဘူးလို့ ကြားဖူးတာ ဟုတ်မယ် ထင်တယ်”လို့ပြောပါတယ်။

အောင်ရင်က ဒီဇင်ဘာ ၁၅ ရက်နေ့မှာ Swab Test လုပ်ခဲ့ပြီး အမျိုးသမီးဖြစ်သူကတော့ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ Swab Test လုပ်ခဲ့ရာမှ နှစ်ဦးစလုံး Positive ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

အဆိုတော် အောင်ရင်တို့ ဇနီးမောင်နှံ (ဓာတ်ပုံ – Aung Yin’s Facebook)

“ဘိလပ်မှာကတော့ ဖြစ်ပြီဆို Self-isolate အိမ်မှာ ကိုယ်ဟာကိုယ် နေကြ။ ကိုက်ခဲရင် ပါရာစီတမော သောက်ပေါ့။ ကျနော်ကတော့ ဆိုးတဲ့နေ့တွေမှာ တပတ်လုံး ပါရာစီတမော ၂ လုံး ၄ ကြိမ် သောက်ပြီးကျော်ဖြတ်ခဲ့ပါတယ်၊ အသက်ရှူတာ အခက်အခဲရှိရင်တော့ ဆေးရုံသွားရမှာပါ။ အဲ့လောက် မဖြစ်လို့တော်သေးဗျ။ တုပ်ကွေးဖြစ်ရင် ခံစားရသလောက်ပါပဲ” လို့ အောင်ရင်က ဆိုပါတယ်။

မြန်မာပြည်မှာ မဟုတ်တဲ့အတွက် သူငယ်ချင်း အသိုင်းအဝိုင်း အများကြီး မရှိပေမယ့် UK မှာရှိတဲ့ အပေါင်းအသင်း၊ မိတ်ဆွေများက ဂရုစိုက်ပေးကြလို့ ကျေးဇူးတင်ရတယ်လို့လည်း ဆိုပါတယ်။

“နေမကောင်းတဲ့အချိန်မှာ သူငယ်ချင်း မိတ်ဆွေများက စိတ်ဓာတ်မကျဖို့၊ အားတင်းထားဖို့ ပြောကြပါတယ်။ ကျနော်တို့ကတော့ ပြဿနာ မရှိပါဘူး။ စိတ်အားလည်း မငယ်မိပါဘူး။ ဘိလပ်က အမျိုးတွေကလည်း ကျနော်တို့အပေါ် ကောင်းကြပါတယ်။ UK မှာ ဒီလောက်တောင် တနေ့တနေ့ Positive Case များနေတာ တက်နေတာ။ ကျနော်တို့လည်း ဖြစ်နိုင်တယ် တွက်ချက်ပြင်ဆင်ထားလို့ အဆင်ပြေပါတယ်”

“မြန်မာပြည်မှာလို သူငယ်ချင်း အသိုင်းအဝိုင်း အများကြီး မရှိပေမယ့် ဒီက ခင်ရာ ဆွေမျိုးတွေက လိုအပ်မယ် ထင်တာတွေ လာပို့ပေးကြလို့ ရင်ထဲကနေ ပြောမပြတတ်အောင် ကျေးဇူးတင်မိပါတယ်။ ဘယ်သူက မိတ်ဆွေအစစ်ဆိုတာ အရေးကြုံလာတော့ သိရတာပေါ့ဗျာ”လို့ အောင်ရင်က ဆိုပါတယ်။

အောင်ရင်ကတော့ ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း COVID–19 ရောဂါ ကူးစက်ခံရပြီးနောက် သက်သာ ပျောက်ကင်းခဲ့ပြီး ယခုဒီဇင်ဘာလအတွင်းမှာ ထပ်မံ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အခုလက်ရှိ ၂ ပတ်အကြာမှာတော့ ဆေးရုံ မရောက်ခဲ့ဘဲ ပြန်လည် သက်သာလာခဲ့ပြီလို့ သိရပါတယ်။

You may also like these stories:

နှစ်ဦးသား ခင်မင်မှုအကြောင်း ပြောပြတဲ့ ပြည်ဘုန်းမော်နဲ့ မင်းတော်ဝင်

ကျန်းမာရေးနဲ့ စေတနာ့ ဝန်ထမ်းတွေအတွက် အနုပညာရှင်များရဲ့ အားပေးစကား

“NU’s Kitchen” နာမည်နဲ့ ကချင်အစားအစာ ရောင်းချနေတဲ့ Lဘောက်နူး

Did you find apk for android? You can find new Free Android Games and apps.
Loading