ပရိသတ် ရင်ထဲထိမယ့် “ရေစက်” သီချင်းသစ် ထွက်လာတဲ့ ကော်နီ
ပရိသတ် အကြိုက်တွေ့စေမယ့် “ရေစက်” ဆိုတဲ့ သီချင်းသစ် ဒီနေ့မှာ ထွက်ရှိပြီဖြစ်ကြောင်း အဆိုတော် ကော်နီက သူ့ရဲ့ Facebook အကောင့်ကနေ Live လွှင့်ကာ ပြောပြထားပါတယ်။
“၂၈ ရက်နေ့မှာ ရေစက် သီချင်းလေး တင်ပါပြီ။ သီချင်းလေးကို ကော်နီ Page မှာ တင်ထားပါတယ်။ မင်းသား နေတိုးနဲ့ မင်းသမီး ဝတ်မှုန်ရွှေရည်က သရုပ်ဆောင်ပေးထားတာပါ။ သူတို့ကိုလည်း ကျေးဇူးတင်ပါတယ်။ ရေစက် သီချင်းလေးကိုလည်း အားပေးကြပါဦး။ မကော် သီချင်းကို ယောကျာ်းလေးတွေ ကြိုက်ပါ့မလား မသိဘူး။ မိန်းကလေးတွေကတော့ အကြွေပဲ”လို့ ကော်နီက ပြောပါတယ်။
ဆက်လက်ပြီး ကော်နီက ဒီသီချင်းအတွက် အရမ်းအားစိုက် ဖန်တီးထားတာ ဖြစ်ပြီး ပရိသတ်တွေကို အားပေးကြဖို့ အခုလိုပဲ ဆိုပါတယ်။
“မကော် သီချင်းလေး နားထောင်ပေးပါ။ အကုန်အကျတွေခံပြီး အရမ်းအားစိုက်ပြီး လုပ်ထားတာ။ ကိုဗစ်ကာလမှာ လူက ဝင်ငွေ မရှိတာ ၈ လလောက် ဆိုတော့ အခက်အခဲတွေလည်း ရှိတယ်။ အားစိုက်ပြီးလုပ်ထားတယ်။ အကုန်လုံးကြည့်လို့ ရပါစေဆိုတဲ့ စေတနာနဲ့ ဘာအကျိုးအမြတ်မှ မရဘဲ တင်ပေးတာပါ။ သီချင်းလေး အောင်မြင်တော့မှ မကော်က မုန့်ဖိုးလေး ရမှာ။ ကော်နီ Page ကနေလည်း အလုပ်တွေ လုပ်တော့မယ်။ အားပေးကြပါ”လို့ ကော်နီက ပြောပါတယ်။
“ဆေး” သီချင်းက ပရိသတ်တွေ အရမ်းအားပေးတဲ့ သီချင်း ဖြစ်ခဲ့ပြီး၊ “ရေစက်” သီချင်း သီဆိုချိန်မှာ အရမ်း စိတ်လှုပ်ရှားတယ်လို့ ကော်နီက ဆိုပါတယ်။

“ဆေးတုန်းကလည်း ဆိုပြီး ဆိုချင်စိတ်ရှိလို့ ဆိုပြီး လိုင်းပေါ်တင်လိုက်တာ။ အဲ့သီချင်းလည်း ပေါက်မယ် မထင်ဘူး။ အဲ့သီချင်းလေးက Vote လုပ်တာလည်း မသိဘူး။ လိုင်းပေါ်ကနေလည်း နားမထောင်တတ်ဘူး။ ဆေးသီချင်းကတော့ ပရိသတ် အရမ်းအားပေးတဲ့ သီချင်း ဖြစ်ခဲ့တယ်။ ရေစက် သီချင်းမှပဲ အရမ်း စိတ်လှုပ်ရှားရတယ်။ မကော် သီချင်းဆိုပြီးရင် လှည့်မကြည့်တဲ့သူ၊ အခု သီချင်းလေးကို အရမ်းအောင်မြင်ချင်တာ”လို့ ကော်နီက ပြောပါတယ်။
အဆိုပါ “ရေစက်” တေးသီချင်းကိုတော့ တေးရေး ငြိမ်းချမ်းကို ရေးသားထားတာဖြစ်ပြီး Music Video ကို ဒါရိုက်တာ မေဘရဏီ ပုံဖော်ပေးထားတယ်လို့ သိရပါတယ်။
“ဒီသီချင်း တေးရေး ငြိမ်းချမ်းကိုလည်း ကျေးဇူးတင်တယ်။ Mixing ချစ်စမ်းမောင်၊ PTLက အင်ဂျင်နီယာတွေ အရမ်း ကျေးဇူးတင်တယ်။ သမီးကြီး မေဘရဏီ ပုံဖော်ပေးလို့ ကျေးဇူးတင်တယ်။ ကိုဗစ်ကာလမှာ သီချင်းလေး ၂ ပုဒ် ရတယ်။ သမီးကြီး မေဘရဏီသော်ကို ဘယ်သီချင်းလေး အရင် ရိုက်ချင်လဲ မေးတော့ သူက ရေစက်ကို အရင် ရိုက်တယ်။ သူရိုက်တာကိုပဲ မကော်က အသံသွင်းပြီးဆိုလိုက်တယ်”လို့ ကော်နီက ပြောပါတယ်။
အဆိုတော် ကော်နီဟာ ၁၉၈၀ ခုနှစ်တွေကတည်းက ဂီတလောကထဲ ရောက်ရှိခဲ့သူဖြစ်ပြီး တေးသီချင်း များစွာ ထွက်ရှိခဲ့ပါတယ်။ မိခင်ရဲ့ ကျန်းမာရေးကြောင့် ဂီတအလုပ်တွေ မလုပ်ဖြစ်တာ အတော်ကြာခဲ့ပြီးနောက် တေးရေး ဝေကြီး ရေးစပ်ပေးထားတဲ့ “ဆေး” ဆိုတဲ့ သီချင်းနဲ့ ပရိသတ်ရင်ထဲကို ပြန်လည် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
မကြာသေးခင်ကလည်း အဆိုတော် ကော်နီဟာ ပြည်ဘုန်းမော်နဲ့အတူ သီဆိုထားတဲ့ “ကြည့်ခွင့်တော့ရှိတယ် ထိခွင့်မရှိ” ဆိုတဲ့ သီချင်း ထွက်ရှိထားပါတယ်။
You may also like these stories:
“အိမ်မှာနေချင်တာပေါ့” သီချင်းအကြောင်း ပြောပြတဲ့ မေလသံစဉ
“ပုံပြင်” သီချင်း Music Video ဖန်တီးမှုအကြောင်း ပြောပြတဲ့ အဆိုတော် ကော်နီ