“Wonder Woman 1984” ရုပ်ရှင်နဲ့အတူ ရုံဝင်ငွေမှာရော၊ HBO Max ဝန်ဆောင်မှုမှာပါ အောင်မြင်မှု ရခဲ့ပြီးတဲ့နောက် ဒါရိုက်တာ Patty Jenkins ဟာ DCEU ထဲက ရုပ်ရှင်စီးရီးရဲ့ တတိယမြောက် ဇာတ်လမ်းကို ဖန်တီးဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။
၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Wonder Woman” ဇာတ်လမ်းရဲ့ နောက်ဆက်တွဲအဖြစ် ထွက်ရှိလာမယ့် အဲ့ဒီရုပ်ရှင်မှာ မင်းသမီး Gal Gadot ကပဲ ခေါင်းဆောင် မင်းသမီးအဖြစ် သရုပ်ဆောင်မှာ ဖြစ်ပါတယ်။
Warner Bros. မှ အကြီးအကဲ Toby Emmerich က “ကမ္ဘာတဝန်းမှာရှိတဲ့ ပရိသတ်တွေက Diana Prince ကို ဆက်လက် အားပေးနေကြပြီး Wonder Woman 1984 ရဲ့ အဖွင့်သီတင်းပတ်ဝင်ငွေကောင်းမွန်တာကြောင့် တတိယမြောက် ရုပ်ရှင်အတွက် ကျနော်တို့ရဲ့ Wonder Women တွေ ဖြစ်ကြတဲ့ Gal နဲ့ Patty တို့ ပြန်လာတော့မယ်လို့ ကြားလိုက်ရတဲ့အခါမှာ သူတို့ရဲ့ ဇာတ်လမ်းကို စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်နေမိပါပြီ” လို့ ပြောကြားခဲ့ပါတယ်။
Warner Bros. ရဲ့ အဆိုအရ “Wonder Woman 1984” ရုပ်ရှင်ဟာ ခရစ္စမတ်ကာလ ပိတ်ရက်မှာ ဝင်ငွေ ဒေါ်လာ ၁၆ ဒသမ ၇ သန်း ရရှိခဲ့ပြီး ကပ်ရောဂါ စဖြစ်ခဲ့တဲ့ အချိန်ကစလို့ အဖွင့်သီတင်းပတ် ဝင်ငွေအကောင်းဆုံး ရုပ်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အခုအထိတော့ ကမ္ဘာတဝန်းကနေ ဝင်ငွေ ဒေါ်လာ ၈၅ သန်း ရရှိနေပြီလည်း ဖြစ်ပါတယ်။
ဒါရိုက်တာ Patty အနေနဲ့ တတိယမြောက် ဇာတ်လမ်းကို သူတာဝန်ယူဖို့ ဒွိဟဖြစ်နေတယ်လို့ ပြောကြားခဲ့ပြီး မကြာမီမှာပဲ အခုလိုမျိုး အဲ့ဒီဇာတ်လမ်းကို တာဝန်ယူ ကိုင်တွယ်မယ်လို့ အတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။
ရုပ်ရှင်လုပ်ငန်းအပေါ် ကပ်ရောဂါရဲ့ ရိုက်ခတ်မှုတွေ ခံနေရချိန်မှာ သူ့ရဲ့ ရုပ်ရှင်ကြောင့် ရောင်နီကို မြင်ရဖို့ အချိန်တော်တော် ကြာခဲ့တယ်လို့ ဒါရိုက်တာက ဆိုပါတယ်။ သူက “ကျမက နောက်ထပ် ရုပ်ရှင်ရိုက်ဖြစ်လိမ့်မယ်လို့ မထင်ပါဘူး။ ပြီးတော့ ကျမတို့ ရှိနေတဲ့ ကမ္ဘာကြီး ဘာဖြစ်နေတယ် ဆိုတာကိုလည်း စောင့်ကြည့်ရသေးတယ်”
“WW84 ထဲမှာ ကျမ ပြောချင်တဲ့ အကြောင်းအရာကတော့ ကျမ ခံစားရမှာတွေ၊ ခံစားနိုင်တာတွေကို ကြိုတင် ဖော်ပြနိုင်ခဲ့ခြင်းပါ။ အခုတော့ အဲ့ဒါတွေက မသေချာတော့ဘူး။ ကမ္ဘာကြီးမှာ ပြောင်းလဲမှုတွေ တော်တော်များများ ဖြစ်သွားခဲ့ပြီလေ။ ကျမက ကိုယ့်ကိုယ်ကိုယ်တောင် ပြန်ပြောမိတယ်။ အခုဆိုရင် Wonder Woman ဘာများ လုပ်နေမလဲ။ ဒီကမ္ဘာကြီးအတွက် Wonder Woman က ဘာများလုပ်ပေးနေမလဲလို့ပေါ့” လို့ ပြောဆိုခဲ့ပါတယ်။
Ref: asiaone