မိသားစုကို သတ်ဖြတ်သွားတဲ့ လူသားစား မကောင်းဆိုးရွားတွေကို တိုက်ခိုက်ရမယ့် ကောင်လေး တယောက်အကြောင်း ဇာတ်အိမ် ဖွဲ့ထားတဲ့ ကာတွန်းရုပ်ရှင် “Demon Slayer” ဟာ ဆယ်စုနှစ် နှစ်ခုနီးပါး မှတ်တမ်းအတွင်း ဂျပန်နိုင်ငံရဲ့ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဖြစ်လာခဲ့တယ်လို့ ဖြန့်ချိရေးကုမ္ပဏီက ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
နာမည်ကျော် Manga ကာတွန်းနဲ့ ရုပ်သံကာတွန်းစီးရီးကို အခြေခံထားတဲ့ အဲ့ဒီရုပ်ရှင်ကို ၂၀၀၁ ခုနှစ်က ပြသခဲ့တဲ့ အော်စကာဆုရ ဒါရိုက်တာ Hayao Miyazaki ရဲ့ “Spirited Away” ရုပ်ရှင်ကို အချိန် ၂ လအတွင်း ကျော်တက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
“Kimetsu no Yaiba the Movie – Mugen Train” လို့လည်း ခေါ်တဲ့ “Demon Slayer” ရုပ်ရှင်ဟာ ဝင်ငွေ ဂျပန်ယန်း ၃၂ ဒသမ ၄၇ ဘီလီယံ ရရှိထားပြီး “Spirited Away” ရုပ်ရှင်က ယန်း ၃၁ ဒသမ ၆၈ ဘီလီယံသာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
အခုလိုမျိုး COVID-19 ကပ်ရောဂါ ဖြစ်နေချိန်မှာ အဲ့ဒီရုပ်ရှင်ဟာ မျှော်လင့်မထားတဲ့ အောင်မြင်မှုကို ရခဲ့တာဖြစ်တယ်လို့ ရုပ်ရှင်လုပ်ငန်း စောင့်ကြည့်သူတွေက ဆိုပါတယ်။
လောလောဆယ်အချိန်မှာတော့ ရုပ်ရှင်ချစ် ပရိသတ်တွေဟာ လူအချင်းချင်း ခပ်ခွာခွာ နေထိုင်ရေး အစီအမံတွေကြောင့် အိမ်မှာပဲ ကာတွန်းတွေ၊ ရုပ်သံစီးရီးတွေနဲ့ ပိတ်လှောင်ခံနေရပြီး အခုလိုမျိုး ရုပ်ရှင်ရုံတွေ ပြန်ဖွင့်တဲ့အချိန်မှာ အဲ့ဒီကာတွန်းရုပ်ရှင်ကို အပြေးအလွှား လာကြည့်ခဲ့ကြတာလို့လည်း ဆိုပါတယ်။
ဇွဲလုံ့လရှိဖို့ သတင်းစကား ပါးထားတဲ့ အဲ့ဒီရုပ်ရှင်ဟာ သူတို့နဲ့ သက်ဆိုင်တဲ့ အရုပ်တွေကနေ ကော်ဖီတွေအထိ လက်ဆောင် ထုတ်ကုန်ပစ္စည်းတွေကို ရောင်းချခဲ့နိုင်မှုကြောင့် ဒီဇင်ဘာလ ၃ ရက်နေ့အထိ ဝင်ငွေ ယန်းဘီလီယံ ၂၇၀ ရရှိခဲ့ပြီးဖြစ်တယ်လို့ Dai-Ichi Life Research Institute မှ အကြီးတန်း စီးပွားရေး ပညာရှင် Toshihiro Nagahama က ဆိုပါတယ်။
အဆိုပါ ကာတွန်းရုပ်ရှင်မှာ ပူးတွဲဖြန့်ချိသူအဖြစ် ပါဝင်ထားတဲ့ Sony Corp ကလည်း ဒီရုပ်ရှင်ကို အာရှနိုင်ငံတော်တော် များများမှာလည်း ပြသထားပြီး၊ မကြာခင် အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေဆီ နှစ်သစ်ကူးကာလမှာ ပြသဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
Ref: asiaone
You may also like these stories:
“Wonder Woman 3” ရုပ်ရှင်မှာ ထပ်မံ မြင်တွေ့ရမယ့် မင်းသမီး Gal Gadot
ဟောလိဝုဒ် စတူဒီယို “MGM” ကို ဒေါ်လာ ၅ ဘီလီယံဖြင့် ရောင်းချမည်
တရုတ်ဈေးကွက်မှာ အဖွင့်ဝင်ငွေ မလှတဲ့ “Wonder Woman 1984”