ဦးကျော်သူရဲ့ ယုံကြည်မှုနဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်)ရဲ့ အတွင်းရေးမှူးအဖြစ် ခန့်အပ်ခြင်း ခံရတဲ့အပေါ် သရုပ်ဆောင် ထွန်းကိုကိုက ဧရာဝတီကို အခုလိုပဲ ပြောပါတယ်။
“ဦးမောင်က ကျနော့်ကို ယုံလည်း ယုံကြည်တယ်။ ကျနော် လုပ်နေတဲ့ လုပ်ရပ်တွေ အားလုံးကို သိတယ်။ အရင်ကတည်းကလည်း ဦးမောင်နဲ့ လက်တွဲ အတူတူ လုပ်လာခဲ့တာဆိုတော့ ကျနော် ပရဟိတအပေါ် ထားတဲ့ စိတ်ထားတွေကိုလည်း သိတယ်။ အဲ့အတွက် အခု ကျနော့်ကို တာဝန်ပေးတယ်။ ကျနော်ဘက်ကလည်း တာဝန်ကျေအောင် လုပ်ပေးရမှာပေါ့”လို့ ထွန်းကိုကိုက ပြောပါတယ်။
ယခင်က နာရေးကူညီမှုအသင်း (ရန်ကုန်)ရဲ့ အတွင်းရေးမှူးနေရာမှာ ဦးကျော်သူရဲ့ ဇနီး ဒေါ်ရွှေဇီးကွက် တာဝန်ယူခဲ့ပြီး အခုချိန်မှာတော့ ထွန်းကိုကိုက ဆက်လက် တာဝန် ထမ်းဆောင်သွားမှာပါ။
“အန်တီ ရွှေဇီးကွက် ကိုယ်တိုင်က ဘာသာရေးလုပ်ဖို့ကို အနားယူမယ်။ ထွန်းကိုကို,ကို ဒီနေရာလေးထည့်မယ်ဆိုပြီး ယုံကြည် စိတ်ချတဲ့အတွက် ကျနော် ကိုယ်တိုင်ကလည်း အခုချိန်မှာ အနုပညာတွေ သိပ်မလုပ်ဘဲ ပရဟိတတွေ ပိုလုပ်ဖြစ်တယ်”
“လုပ်မယ့် အနုပညာတွေတောင် မလုပ်ဖြစ်သေးဘဲ ပရဟိတပဲ လုပ်နေတော့ ပိုက်ဆံရလို့ လုပ်တာလား အသင်းကြီးက လစာပေးထားလားလို့ မေးကြတယ်။ တခါတလေ ရွဲ့ပြီးပြောလိုက်တယ်။ သိသိကြီးနဲ့ မေးရင် ကျနော် အဲ့လို ပြောလိုက်တယ်။ ပေးထားတယ်။ တလကို သိန်း ၂၀၊ ၃၀ ရတယ်လို့တောင် ပြောလိုက်တယ်”လို့ ထွန်းကိုကိုက ပြောပါတယ်။
Volunteer စလုပ်ကတည်းက ငွေကြေး တပြားတချပ်မှ မယူဘဲ လုပ်ကိုင်ခဲ့တယ်ဆိုတဲ့ ထွန်းကိုကိုက အခကြေးငွေကြောင့် ပရဟိတလုပ်တာ မဟုတ်ဘူးလို့ ဆိုပါတယ်။
“ကျနော် ပရဟိတ စလုပ်ကတည်းက အခကြေးငွေ ယူပြီးလုပ်တာ မဟုတ်ပါဘူး။ အများအကျိုးကို သယ်ပိုးချင်လို့ လုပ်တာပါ။ ဒီလို လုပ်ခွင့်ရတာကို ကျနော်တို့က ကျေနပ်နေတာ။ အခု ဥက္ကဋ္ဌလည်း အခမဲ့ ဥက္ကဋ္ဌ၊ အခမဲ့ အထွေထွေ အတွင်းရေးမှူး၊ အခကြေးငွေ မယူဘဲ အများပြည်သူကို ပေးဆပ်ချင်တဲ့အတွက် Volunteer စလုပ်ကတည်းက ဘာတပြားတချပ်မှ မယူဘူး။ ကိုယ့်စရိတ်နဲ့ကိုယ် လာတယ်။ ကိုယ့်ဆီ ကိုယ်ထည့်ပြီး လာလုပ်ပေးခဲ့တယ်”
“အသင်းမှာလည်း အခု အထွေထွေ အတွင်းရေးမှူး ရာထူး ယူထားပေမယ့် ကိုယ့်ထမင်း ကိုယ်စားတယ်။ အလှူရှင် ရှိရင်တော့ အလှူရှင် ဒါနမြောက်အောင် စားပေးတယ်။ ကိုယ့်အတွက် မဖြစ်စေရ၊ ကိုယ်သာလျှင် အသင်းအတွက် ဖြစ်စေရမယ်။ ကျနော်တို့ အကောင်းဆုံး စည်းမျဉ်းစည်းကမ်းတွေနဲ့ စည်းကမ်း လိုက်နာပြီး နေသွားမယ်။ ရေရှည်စီမံကိန်းနဲ့ အကောင်းဆုံး ကြိုးစားသွားပါမယ်”လို့ ထွန်းကိုကိုက ပြောပါတယ်။
အနုပညာအလုပ်နဲ့ ပရဟိတ အလုပ်တွေကိုလည်း မျှတအောင် လုပ်ကိုင်သွားမယ်လို့ ထွန်းကိုကိုက ဆိုပါတယ်။
“တာဝန်တွေ ပိနေတာတော့ မရှိပါဘူး။ ပုံမှန်လုပ်နေကျ အလုပ်ကိုပဲ တာဝန်ယူမှု တာဝန်ခံမှုတွေနဲ့ လုပ်ရတယ်။ ကျနော်တို့ ဒီမှာ စည်းကမ်းရှိမှ တန်ဖိုးရှိတဲ့အသင်း ဖြစ်မယ်။ အဲ့အတွက်လည်း စည်းကမ်းရှိဖို့ လိုအပ်တယ်။ မသိသေးတာတွေ ထပ်လေ့လာမယ်။ ဦးမောင်ရဲ့ ညွှန်ကြားမှုအောက်မှာ ဆက်လုပ်ကိုင်သွားတာမယ်။ အပန်းကြီးတဲ့ ကိစ္စတော့ မဟုတ်ပါဘူး”
“အရင်ကတည်းက ရှုတင်တွေ ရှိရင် ရှုတင်တွေ သွားတယ်။ အားတဲ့ အချိန်လည်း အသင်းမှာ အချိန်ပြည့် ရှိတယ်။ နားတာတောင် အိမ်မှာ မနားဘဲ အသင်းမှာပဲ ကုန်ဆုံးဖြစ်တယ်။ အခုနောက်ပိုင်းလည်း ရှုတင်တွေ ရှိရင် ခဏနားပြီး အနုပညာ သွားလုပ်မယ်။ အနုပညာအလုပ်နဲ့ ပရဟိတလုပ်ငန်းတွေ မျှအောင်တော့ လုပ်ကိုင်သွားမယ်”လို့ ထွန်းကိုကိုက ပြောပါတယ်။
သရုပ်ဆောင် ထွန်းကိုကိုဟာ နာရေးကူညီမှုအသင်း (ရန်ကုန်)မှာ ဦးကျော်သူနဲ့အတူ ပရဟိတ အလုပ်တွေ လုပ်ကိုင်နေတာဖြစ်ပြီး လာမယ့် ၂၀၂၁ ခုနှစ်မှာ နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ အထွေထွေ အတွင်းရေးမှူး ရာထူးအသစ်ဖြင့် ဆက်လက် တာဝန် ထမ်းဆောင်သွားမယ်လို့ သိရပါတယ်။
You may also like these stories:
ထွန်းကိုကိုအား နာရေးကူညီမှုအသင်း (ရန်ကုန်)၏ အတွင်းရေးမှူးအဖြစ် ခန့်အပ်
“အားလုံးရဲ့ မေတ္တာကြောင့် အကောင်းဆုံး ကျော်ဖြတ်ခဲ့တာပါ”လို့ ထွန်းကိုကို ပြော
“ကိုဗစ်က လျှော့တွက်လို့ မရဘူး၊ အားလုံး Mask တပ်ကြပါ”လို့ ထွန်းကိုကို ပြော