Entertainment

ပက်ကွီနိုအကြောင်း ရိုက်မယ့် ရုပ်ရှင်မှာ လီယိုနာဒိုနဲ့ Rami Malek ပါဝင်မယ်လို့ သတင်းထွက်

ယခင်က ဖိလစ်ပိုင် လက်ဝှေ့ အကျော်အမော် မန်နီပက်ကွီနိုအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင် ၂ ကား ထွက်ပေါ်ခဲ့ဖူးပါတယ်။

၂၀၀၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Pacquiao: The Movie”  ရုပ်ရှင်နဲ့ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Kid Kulafu” ရုပ်ရှင်တွေဟာ အထိုက်အလျောက် အောင်မြင်ခဲ့ပေမယ့် အခုတော့ အဲ့ဒီဇာတ်လမ်းတွေထက် ဇာတ်လမ်း ဇာတ်အိမ် ပိုခိုင်ခံ့မယ့် ရုပ်ရှင်တကားကို ဖန်တီးဖို့ ပြင်ဆင်နေပြီလို့ ဆိုပါတယ်။

ABS-CBN News မီဒီယာကို ကိုယ်တိုင် ပြောကြားခဲ့တဲ့ ပက်ကွီနိုရဲ့ အဆိုအရ လက်ရှိမှာ သူ့ဘဝအကြောင်း နိုင်ငံတကာ ရုပ်ရှင်တကား ဖန်တီးဖို့အတွက် ကမ်းလှမ်းမှုတွေ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ သူ့ရဲ့ အဆိုအရ Netflix ကနေ ထုတ်လုပ်မယ့် ရုပ်ရှင်တကား ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။

အခုအချိန်အထိ ဘာကိုမှ အတည်မပြုနိုင်သေးပေမယ့် ပက်ကွီနိုကတော့ မင်းသား Leonardo DiCaprio ဟာ နာမည်ကျော် လေ့ကျင့်သူ Freddie Roach အဖြစ် ပါဝင်လာနိုင်တယ်လို့ ဆိုပါတယ်။ လေ့ကျင့်သူ Freddie ကြောင့် ပက်ကွီနိုဟာ အနိုင်ယူဖို့ မလွယ်တဲ့ ဖိုက်တင်စက်ကြီးတခုအဖြစ် တင်စားခံခဲ့ရပြီး ကမ္ဘာတဝန်းက ပရိသတ်တွေရဲ့ ချစ်မြတ်နိုးမှုကို ခံခဲ့ရပါတယ်။

သူ့နေရာမှာ သရုပ်ဆောင်မယ့် မင်းသားကိုတော့ Rami Malek သရုပ်ဆောင်စေဖို့ အကြံပြုထားတယ်လို့ သိရပါတယ်။ မင်းသား Rami ကတော့ “Bohemian Rhapsody” ရုပ်ရှင်မှာ ကွယ်လွန်သူအဆိုတော် Freddie Mercury အဖြစ် သရုပ်ဆောင်ခဲ့ပြီး အော်စကာဆု ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

အဲ့ဒီရုပ်ရှင်နဲ့ ပတ်သက်လို့ အတည်ပြုချက် တစုံတရာ ထွက်ပေါ်ခြင်း မရှိသေးပေမယ့် ထူးခြားတဲ့ သရုပ်ဆောင် နှစ်ဦးသာ အဲ့ဒီရုပ်ရှင်မှာ ပါဝင်လာမယ်ဆိုရင်တော့ တကယ်ကိုပဲ ကြည့်ကောင်းမှာ ဖြစ်ပါတယ်။ ပက်ကွီနိုရဲ့ ဘဝဇာတ်ကြောင်းကို ပြန်လည် ပုံဖော်ရမယ်ဆိုရင်တော့ သူ့ရဲ့ ဘဝအစဟာ တော်တော်လေး ခက်ခဲကြမ်းတမ်းခဲ့ပြီး ရုန်းကန်ခဲ့ရတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

တကယ်လို့သာ ပက်ကွီနိုရဲ့ ဘဝဇာတ်ကြောင်းကို မှန်မှန်ကန်ကန်နဲ့ ဂရုတစိုက် ပုံဖော်မယ်ဆိုရင်တော့ အဲ့ဒီဇာတ်ကားဟာ ၂၀၂၁ ခုနှစ်ထဲမှာ တော်တော်လေး နာမည် ကျော်ကြားဦးမှာ ဖြစ်ပါတယ်။

လက်ရှိ တကယ့် ပက်ကွီနိုကတော့ လာမယ့်နှစ်ထဲမှာ လက်ဝှေ့ ၂ ပွဲ ထိုးသတ်ဖို့ ရှိတာကြောင့် ရုပ်ရှင်ရိုက်ဖြစ်လို့ ဖြန့်ချိတဲ့အချိန်မှာ ပရိသတ် စိတ်ဝင်စားမှု တော်တော်လေး ရနိုင်တယ်လို့လည်း ဆိုကြပါတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်လုံးလုံး အာရှရဲ့ လက်ဝှေ့ဘုရင်အကြောင်း စိတ်ခွန်အားရဖွယ်၊ အားကျဖွယ်ဇာတ်လမ်းကို ပရိသတ်တွေကလည်း စိတ်ဝင်တစား စောင့်မျှော်နေကြပြီ ဖြစ်ပါတယ်။

Ref: boxing247

Loading