မင်းသား Tom Cruise ဟာ သူ့ရဲ့ မပြီးပြတ်သေးတဲ့ “Mission: Impossible 7” ရုပ်ရှင်ရိုက်ကူးရေးအတွက် ယူကေနိုင်ငံကို ပြန်လည် ရောက်ရှိလာပါတယ်။ Variety မီဒီယာရဲ့အဆိုအရ မင်းသားဟာ ယူကေနိုင်ငံမှာ ကိုဗစ် ကူးစက်မှုတွေ တဖန်ပြန်လည် မြင့်တက်နေချိန်မှာ သူ့ရဲ့ ရုပ်ရှင်ကို အပြီးသတ် ရိုက်ကူးဖို့အတွက် ပြန်ရောက်လာခဲ့တာလို့ သိရပါတယ်။
ဒီတခါမှာတော့ ရုပ်ရှင်မှာပါဝင်နေတဲ့ သရုပ်ဆောင်တွေနဲ့ ရိုက်ကူးရေး ဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် ပိုမိုခိုင်မာတဲ့ အစီအမံတွေကို ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ တခေါက် ရိုက်ကွင်းမှာတော့ မင်းသားဟာ COVID-19 အစီအမံတွေကို ချိုးဖောက်ခဲ့တဲ့ သူ့ရဲ့ ဝန်ထမ်းတွေကို ရိုက်ကွင်းပေါ်မှာ အော်ငေါက်ခဲ့ပြီးနောက် ကပ်ရောဂါဘေးကနေ စိတ်ချရမယ့် စစ်အခြေစိုက် စခန်းတခုမှာ စတူဒီယို တည်ဆောက်ထားတယ်လို့ သိရပါတယ်။
The Sun သတင်းစာရဲ့အဆိုအရ Ethan Hunt အဖြစ် သရုပ်ဆာင်ထားတဲ့ မင်းသား Tom က အင်္ဂလန်နိုင်ငံအရှေ့တောင်ပိုင်း Surrey အရပ်မှာရှိတဲ့ လျှို့ဝှက် စစ်အခြေစိုက် စခန်းဟောင်းမှာ ရိုက်ကွင်းအသစ်တည်ဖို့ ဒေါ်လာ သန်းချီသုံးစွဲခဲ့တယ်လို့ သိရပါတယ်။ အခုတည်ဆောက်ထားတဲ့ စတူဒီယိုဟာ ကမ္ဘာပေါ်မှာ COVID-19 ဘေးကနေ အလုံခြုံဆုံး စတူဒီယိုဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။
အခုလို ပိတ်ရက်ကာလမှာ ယူကေနိုင်ငံတဝန်း COVID-19 ရောဂါ ကူးစက်ခံရသူ အရေအတွက် တဖန် ပြန်လည် မြင့်တက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ကဆိုရင် တနေ့တည်း အသစ်ကူးစက်ခံရသူ ၄ သောင်းကျော်အထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။
မင်းသားဟာ ရိုက်ကွင်းမှာ ကိုဗစ် စည်းမျဉ်းစည်းကမ်း မလိုက်နာသူတွေကို ၂ ကြိမ် အော်ဟစ်ခဲ့ပြီးနောက် ပိတ်ရက်မှာ အနားယူနေခဲ့တာ ဖြစ်ပါတယ်။ “Mission: Impossible 7” ရုပ်ရှင်ကို လာမယ့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ရုံတင်ပြသဖို့ ပြင်ဆင်ထားပါတယ်။
Ref: etcanada
You may also like these stories:
Tom Cruise ဒုတိယအကြိမ် အော်ငေါက်ပြီးနောက် ရိုက်ကူးရေး အဖွဲ့သားတွေ နုတ်ထွက်
ကိုဗစ်စည်းကမ်း မလိုက်နာတဲ့ ရိုက်ကူးရေး ဝန်ထမ်းတွေကို Tom Cruise မောင်းထုတ်
Mission: Impossible ရုပ်ရှင်သစ်အတွက် အကြမ်းစားစတန့် လုပ်ခဲ့တဲ့ Tom Cruise