မကြာခင် ၂၀၂၀ ပြည့်နှစ် ကုန်ဆုံးပီး ၂၀၂၁ ခုနှစ်ကို ကူးပြောင်းတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ COVID-19 ကပ်ရောဂါကြောင့် အနုပညာအလုပ်များ၊ ပွဲလမ်းသဘင်များ အရင်ထက် နည်းပါးသွားတဲ့ နှစ်လို့ ပြောလို့ရပါတယ်။ နှစ်သစ်မှာ ရောဂါကြီး အမြန်ကင်းစင်ဖို့ နှစ်သစ်ဆုတောင်းစကားများကို အနုပညာရှင်များက အခုလိုပဲ အသီးသီး ဆိုထားကြပါတယ်။
အလှမယ် ထားထက်ထက်
၂၀၂၁ မှာ ၂၀၂၀ တုန်းကလို ရောဂါတွေ မရှိအောင် တယောက်နဲ့ တယောက် ကာကွယ် စောင့်ရှောက်ပေးကြပါ။ ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်ပေးကြပါ။ ၂၀၂၁ New Year မှာလည်း ထားထက်တို့ ပွဲတွေ သွားလို့ မရဘူး။ Countdown တွေ လုပ်လို့ မရဘူး။ တနှစ်လုံး ပွဲတွေ မသွားဘဲ Depression ဝင်နေချိန် ကိုယ့်ချစ်တဲ့သူတွေနဲ့ ပါတီလေးတွေ ဖန်တီးပြီး နေကြပါ။
ထားထက်ဆိုလည်း အိမ်မှာ Lighitng မီးတွေ ဝယ်ပြီး အိမ်မှာ သီချင်းတွေ ဖွင့်နေတယ်။ အဲ့လိုမျိုး စိတ်ထွက်ပေါက်ပဲ လုပ်လို့ရတာဆိုတော့ New Year ရောက်ရင်လည်း အချင်းချင်း Video Call တွေနဲ့ အတူတူ အော်ကြပါ။ ဒီရောဂါကြီး မြန်မြန်ပြီးသွားအောင် ဆုတောင်းပေးကြပြီး ကာကွယ်ကြပါ။ အရင်အတိုင်းလည်း အမြန်ဆုံး ပြန်ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။ ဆုတောင်းနေလို့ မပြီးတာမို့ အတတ်နိုင်ဆုံး ရောဂါ မကူးစက်အောင် ကာကွယ် နေထိုင်ကြပါ။
သရုပ်ဆောင် ထွန်းကိုကို
ကျနော် အရင်ကတည်းက ပရဟိတတွေ လုပ်နေတာ နှစ်သစ်မှာ နာရေးကူညီမှုအသင်းရဲ့ အထွေထွေအတွင်းမှူးလုပ်ဖို့ကို တာဝန်ပေးတဲ့အတွက် ရှေ့ဆက်ပြီးတော့လည်း နာရေးကူညီမှုအသင်း (ရန်ကုန်) နဲ့ရော တခြားသော ပရဟိတ လုပ်ငန်းတွေမှာ စွမ်းစွမ်းတမံ လုပ်ဆောင်သွားပါမယ်။ အနုပညာ လုပ်ငန်းတွေကိုလည်း ကိုဗစ်ကာလပြီးချိန်မှာ ဆက်လက်ပြီးတော့ လုပ်သွားပါမယ်။
အနုပညာအလုပ်ရော၊ ပရဟိတ အလုပ်ရော အားပေးနေကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ပရိသတ်တွေလည်း နှစ်သစ်မှ စပြီး ရောဂါတွေ ကင်းဝေးပြီး ပျော်ရွှင် ချမ်းမြေ့ကြပါစေ။
အဆိုတော် မေလသံစဉ်
၂၀၂၁ မှာ ကိုဗစ် ရောဂါပိုးကြီး ပျောက်သွားစေချင်တယ်။ အနုပညာအလုပ်တွေတင်မကပဲ တခြားဘယ်အလုပ်မဆို ပုံမှန်တိုင်း လည်ပတ်စေချင်တယ်။ ၂၀၂၁ မှာ အိမ်မှာ နေလို့တော့ မရဘူး။ အလုပ်လေးတွေလည်း လုပ်ရဦးမှာဆိုတော့ Mask သေချာ တပ်ပြီး အလုပ်တွေကို ပုံမှန်တိုင်း လုပ်သွားမယ်။ နှစ်သစ်မှာ နေကောင်း ကျန်းမာပြီး ကပ်ဆိုးကနေ အမြန်ဆုံးကင်းဝေးကာ စီးပွားရေးတွေ အဆင်ပြေပါစေလို့ ဆုတောင်းပါတယ်။
သရုပ်ဆောင် မင်းတော်ဝင်
၂၀၂၁ မှာ ပရိသတ်တွေ ကိုယ်ချစ်ခင်ရတဲ့ မိသားစုတွေ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပျော်ရွှင်စရာ နေ့ရက်တွေ ကြုံပါစေ။ လုပ်သမျှတွေလည်း အောင်မြင်ပါစေ။ ကျနော် Winner Channel ကနေ တင်ဆင်နေတဲ့ ကျန်းမာရေး ဗဟုသုတတွေလည်း ကြည့်ပြီး တဆင့် ပြန်လည် မျှဝေနိုင်ပါစေ။
ကျနော်တို့ မြန်မာလူမျိုးတွေက အရမ်းပျော်တတ်တယ်။ ဆယ့်နှစ်လရာသီ ကိုယ့်ပွဲကိုယ်တင် မဟုတ်ဘူး။ သူများပွဲတွေပါ ဝင်ပျော်တတ်တယ်။ အဲ့အတွက် အခုလို ကိုဗစ်ကာလမို့ သတိလေးတော့ ထားစေချင်တယ်။ ကိုယ်တိုင်လည်း ကာကွယ်ပါ။ အိမ်ထဲမှာပဲ ပုံစံတမျိုးနဲ့ ပျော်ကြပါ။
You may also like these stories:
Rating System ပြောင်းလဲဖို့ တောင်းဆိုကြတဲ့အပေါ် စည်သူမောင်ရဲ့ အမြင်
၂၀၂၀ ပြည့်နှစ်အတွင်း ကြွေလွင့်သွားခဲ့တဲ့ အနုပညာရှင်များ
ဘုရားရှိခိုးနည်း ဝေမျှပေးခဲ့တဲ့ သရုပ်ဆောင် ခင်သဇင်