အက်ရှင်မင်းသားကြီး ဂျက်ကီချန်းဟာ မကြာသေးခင်တုန်းက ပြုလုပ်ခဲ့တဲ့ နှစ်သစ်ကူးပွဲ အခမ်းအနားတခုကို တက်ရောက်ခဲ့ချိန်မှာ ခါးဆစ်ကျောရိုး ဒဏ်ရာ ပြန်လည် ခံစားနေရတဲ့ ပုံစံကို ပရိသတ်တွေ မြင်တွေ့ခဲ့ရပြီး ဘေးလူနှစ်ယောက်ကို အားပြုပြီး လမ်းလျှောက်နေခဲ့တာကြောင့် ပရိသတ်တွေ အထူးစိုးရိမ်ခဲ့ကြရပါတယ်။
ကာတွန်းရုပ်ရှင် “Wish Dragon” အထူးပွဲတပွဲရဲ့ ဝင်ပေါက်မှာ လူနှစ်ယောက်ရဲ့ ပုခုံးကို ကိုင်ပြီး ခက်ခက်ခဲခဲ အနေအထားနဲ့ လှုပ်ရှားနေရတဲ့ အသက် ၆၆ နှစ်အရွယ် ဟောင်ကောင် မင်းသားကြီး ဂျက်ကီချန်းရဲ့ ဗီဒီယိုဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေခဲ့တာ ဖြစ်ပါတယ်။
ပေကျင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ အဲ့ဒီပွဲမှာ မင်းသားကြီးဟာ အချိန်အကြာကြီး မတ်တပ်ရပ်နိုင်ခဲ့ခြင်း မရှိခဲ့ပေမယ့် တက်ရောက်လာကြတဲ့ ကလေးတွေကို နှုတ်ဆက်စကားကို ပြောဆိုခဲ့ပါတယ်။ အနုပညာလောကမှာ ဆယ်စုနှစ်များစွာအတွင်း အက်ရှင်ရုပ်ရှင်တွေထဲမှာ စတန့်အစားထိုး သရုပ်ဆောင်တွေကို အသုံးပြုလေ့ မရှိခဲ့တဲ့ မင်းသားကြီးဟာ သူ့ရဲ့ သက်တမ်းတလျှောက်လုံးမှာ အကြိမ်တော်တော်များများ ဒဏ်ရာ ရရှိခဲ့ဖူးပါတယ်။
လက်ရဲဇက်ရဲ ရှိလွန်းတဲ့ မင်းသားကြီးအတွက် အဆိုးရွား အပြင်းထန်ဆုံးနဲ့ အသက်အန္တရာယ်ခြိမ်းခြောက်ခဲ့တဲ့ ဒဏ်ရာကိုတော့ ၁၉၈၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Armour Of God” ရုပ်ရှင် ရိုက်ကွင်းမှာ ရရှိခဲ့တာဖြစ်ပြီး ချောက်တခုပေါ်ကနေ သစ်ပင်တပင်ပေါ် ခုန်အတက်မှာ ပက်လက် အနေအထားနဲ့ ပြုတ်ကျခဲ့ပါတယ်။ အဲ့ဒီဖြစ်ရပ်ကြောင့် သူ့ရဲ့ ဦးနှောက်ထဲမှာ အရိုးအပိုင်းအစတခု စိုက်ဝင်ခဲ့ပြီး နားထဲကနေ သွေးတွေ ဒလဟော ထွက်လာတဲ့အထိ ဖြစ်ခဲ့ရပါတယ်။
သူဟာ ရိုက်ကွင်းပေါ်မှာ ဒဏ်ရာတွေ ရရှိတတ်သူဖြစ်ပေမယ့် ကံကောင်းချင်တော့ သူနောက်ဆုံးရိုက်ကူးထားတဲ့ ရုပ်ရှင်မှာတော့ မတော်တဆမှု မရှိဘဲ ရိုက်ကူးပြီးစီးခဲ့ပါတယ်။ သူဟာ တရုတ်-အမေရိကန် ပူးပေါင်းရိုက်ကူးထားတဲ့ “Wish Dragon” ရုပ်ရှင်မှာ အသံသရုပ်ဆောင်ထားပြီး ထုတ်လုပ်သူတဦးအနေနဲ့လည်း ပါဝင်ထားပါတယ်။
ဂျက်ကီချန်းဟာ အဲ့ဒီရုပ်ရှင်ရဲ့ တရုတ်ဗားရှင်းမှာ နဂါးနေရာကနေ အသံသရုပ်ဆောင်ထားပြီး အင်္ဂလိပ် ဗားရှင်းမှာတော့ အမေရိကန် မင်းသား John Cho က သရုပ်ဆောင်ထားပါတယ်။
တရုတ်နိုင်ငံမှာ ဇန်နဝါရီလ ၁၅ ရက်နဲ့ မြောက်အမေရိကဒေသမှာ ဇွန်လ ၄ ရက်နေ့ ကျရင် ရုံတင်မယ့် အဲ့ဒီရုပ်ရှင်ဟာ ခေတ်သစ် တရုတ်နိုင်ငံက ပုလင်းတခုထဲမှာရှိတဲ့ ပုလင်းစောင့် နတ်သားတယောက်အကြောင်း ရိုက်ကူးထားပါတယ်။
Ref: asiaone