အဆိုတော် ရဲလေးကတော့ မကြာခင်မှာ ကျရောက်မယ့် မွေးနေ့မှာ အမှတ်တရဖြစ်အောင် ရှိုးပွဲ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
“ဒီပွဲလေးလုပ်ရတဲ့ အကြောင်းကတော့ အားလုံးက Entertainment ဆိုတာလည်း လိုနေပြီ။ ဘာပဲပြောပြော ဒီရောဂါဆိုးကို ကျော်ဖြတ်ရတာ ငြီးငွေ့လာတာတွေ ရှိတယ်။ ပရိသတ်တွေကလည်း ကျနော့်ကို By Name နဲ့ တောင်းဆိုလာတာတွေ ရှိတယ်။ ကိုရဲလေး ကြာကြာလေး ဖျော်ဖြေတဲ့ပွဲလေး လုပ်ပေးဖို့ဆိုတော့ ကျနော် စဉ်းစားရင်း စဉ်းစားရင်းနဲ့ ဒီနှစ်တော့ အမှတ်တရဖြစ်အောင် လုပ်မယ်ဆိုပြီး Birthday Show ကို စီစဉ်ဖြစ်ပြီး လုပ်ဖြစ်သွားတာပါ” လို့ ရဲလေးက ပြောပါတယ်။
Birthday Show အနေနဲ့ အဆိုတော်ဖြစ်ခါစက လုပ်ဖြစ်ခဲ့ပြီးနောက်ပိုင်း မလုပ်ဖြစ်ခဲ့ဘဲ ကျဲပါးသွားပြီး အခုမှ ပြန်လုပ်ဖြစ်တာလို့ သိရပါတယ်။
“ကျနော် အဆိုတော်ပေါက်စတုန်းက မွေးနေ့ရှိုးလေး ဘာလေး လုပ်လိုက်သေးတယ်။ အရင်တုန်းက ပရဟိတ ပွဲလေးတွေနဲ့ ပေါင်းပြီးတော့ ကျနော်မွေးနေ့ရှိုး ဆိုပြီး Free Show တွေ ၃ ခေါက်လောက် လုပ်ဖြစ်တယ်။ နောက်ပိုင်းတော့ အခကြေးငွေနဲ့ ရဲလေး တကိုယ်တော်ပွဲတွေ လုပ်ဖြစ်တယ်။ ကျနော်ကရှိုးလုပ်တာ ကျဲပါတယ်။ တခြား စုပေါင်းစပ်ပေါင်းပွဲက များတယ်” လို့ ရဲလေးက ပြောပါတယ်။
“Ye’ Lay JUMP Up Birthday Show” ပွဲကိုတော့ ဇန်နဝါရီလ ၁၁ ရက်နေ့၊ ည ၇ နာရီ အချိန်မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
“အခုလာမယ့် ဇန်နဝါရီလ ၁၁ ရက်နေ့၊ ည ၇နာရီမှာ ဆိုင်ရာဆိုင်ရာ Facebook Page တွေမှာ ကြည့်ရှုနိုင်ဖို့အတွက်၊ အဆင်ပြေနိုင်ဖို့အတွက် အကောင်းဆုံးစီစဉ် တင်ဆက်သွားမှာ ဖြစ်ပါတယ်။ မလုပ်တာကြာပြီဖြစ်တဲ့အတွက် ချစ်ဖို့ကောင်းတဲ့ Birthday Show လေး၊ အသစ်ဖြစ်မယ့် Birthday Show လေးကို ကျနော်က ပရိသတ်တွေအတွက် အမှတ်တရဖြစ်အောင်ဆိုပြီး နှစ်စပိုင်းမှာ လုပ်ဖြစ်သွားတဲ့ သဘောပါပဲ” လို့ ရဲလေးက ပြောပါတယ်။
“ကျနော့်ကို ချစ်ခဲ့တဲ့ ပရိသတ်တွေရော၊ ပရိသတ်အသစ်တွေရော၊ နောက်ဖြစ်လာမယ့် ပရိသတ်တွေရောကို ကျနော့် Performance တွေနဲ့ ရိုးရိုးလေး တင်ဆက်ထားပါတယ်။ သိပ်ပြီးလည်း အဆန်းကြီးမဟုတ်သလို သိပ်အရမ်းကြီးလည်း ခေတ်အနောက် မရောက်ဘူးပေါ့။ အဲ့လိုမျိုးလေးတွေနဲ့ သီချင်းဟောင်း၊ သီချင်းကောင်းလေးတွေကို တင်ဆက်သွားမှာပါ” လို့ ရဲလေးက ပြောပါတယ်။
ရဲလေးနဲ့အတူ ဘယ်သူတွေ ပါဝင်သီဆိုမယ်ဆိုတာကတော့ ကြိုမပြောပေမယ့် သူနဲ့အတူ လက်တွဲခဲ့တဲ့ သူငယ်ချင်းတွေ ပါဝင်သွားမယ်လို့လည်း သိရပါတယ်။
ဒီပွဲကိုတော့ အွန်လိုင်းကတဆင့် ကြည့်ရှုနိုင်မှာဖြစ်ပြီး Ye Lay Facebook Page ၊ YLJK Entertainment Page ၊ Joker Jwee Page နဲ့ Youtube Channnel များမှာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
You may also like these stories:
အဆိုတော် လေးဖြူနဲ့ အငဲ ဖျော်ဖြေမယ့် “Stay Home” Live Concert
“Descendants of the Sun” စာရေးဆရာမရဲ့ စီးရီးအသစ်မှာ ပါဝင်မယ့် ဆောင်းဟေဂို
ဒဏ်ရာဟောင်းတွေကို ပြန်လည် ခံစားနေရတဲ့ မင်းသားကြီး ဂျက်ကီချန်း