လူစုလူဝေး ပြုလုပ်ကာ မွေးနေ့ပွဲမှာ ဖျော်ဖြေခဲ့တာကြောင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် ခြိမ့်ကေကို (ခ) Banana ကို မြစ်သား ရဲစခန်းက အရေးယူ ဆောင်ရွက်တဲ့အပေါ် ဟာသ သရုပ်ဆောင် ဒိန်းဒေါင်က အခုလိုပဲ ဆိုပါတယ်။
“ခြိမ့်ကေကိုက လက်ရှိ မြစ်သားအချုပ်ထဲမှာပါ။ ၃ ရက်နေ့ မနက်က အချုပ်ထဲ သွားထည့်ပါတယ်။ ကျနော်က သူ့ကို အဖမ်းသွားခံလို့ ပြောတာတော့ မဟုတ်ဘူး။ သွားရှင်းလိုက်လို့ ပြောတာ ဖမ်းခံလိုက်ရတာ။ ကျနော်ကတော့ ဘာမှ မပြောချင်ဘူး။ ဘာဖြစ်တယ်ဆိုပြီး ရေးကြတယ်။ အဲ့ထဲမှာ ကျနော် မပါဘူး။ ကျနော်ကတော့ ငှက်ပျောသီးအကြောင်းပဲ ကျနော် ပြောတယ်။ ငှက်ပျောသီးကို မှန်မှန်ကန်ကန် ဖြစ်စေချင်တယ်။ အပြစ်ပေးမယ်ဆိုလည်း သက်သက်ညှာညှာလေး စဉ်းစားစေချင်တယ်”လို့ ဒိန်းဒေါင်က ပြောပါတယ်။
ခြိမ့်ကေကိုအပေါ် သားတယောက်လို စောင့်ရှောက်ပေးတဲ့ ဒိန်းဒေါင်က အခုလို ဖြစ်သွားတဲ့အပေါ်လည်း စိတ်မကောင်းဘူးလို့ ဆိုပါတယ်။
“ကျနော်လည်း မျက်ရည်ကျရတယ်။ သူတကယ် မသိလို့ လုပ်တာ။ မဖြေနိုင်တော့ဘူး။ သူ့အမေက ငိုနေတာ။ သူ့အမေက ကျနော့်ကို သားလို့ ခေါ်တယ်။ သားရေ သားရဲ့သားကတော့ အချုပ်ထဲမှာ ငိုနေတယ်။ ခြိမ့်ကေကိုက အမေနဲ့ မခွဲဖူးဘူး။ သူအပြင်ထွက်လည်း သူ့အမေ ပါတယ်။ ရန်ကုန်မှာ ကျနော်အခန်းပေးနေလည်း သူ့အမေ ခေါ်ထားတယ်။ မိဘအပေါ် သိတတ်တယ်။ သူတောင်းပန်တဲ့ စာလေး Facebook မှာ တွေ့တော့ စိတ်မကောင်းဘူး”လို့ ဒိန်းဒေါင်က ပြောပါတယ်။
တမင် ရည်ရွယ်ပြီး ကျူးလွန်တဲ့အမှား မဟုတ်တာကြောင့်လည်း တာဝန်ရှိသူတွေအနေနဲ့ သက်သက်ညှာညှာလေး စဉ်းစားပေးဖို့ ဒိန်းဒေါင်က မေတ္တာရပ်ခံခဲ့ပါတယ်။
“ကိုဗစ်ဖြစ်နေလည်း လုပ်မယ်ဆိုတဲ့စိတ် သူ့မှာ မရှိဘူး။ အခုက သူမသိလို့ ဖြစ်သွားတဲ့ ကိစ္စ၊ အဲ့မှာ ကျနော်က တာဝန်ရှိတဲ့ လူကြီးမင်းတွေကို ကန်တော့ပြီး တောင်းပန်ပါတယ်။ သူ့ကို သက်သက်ညှာညှာလေး လုပ်ပေးကြပါ။ သူက မိဘအပေါ်လည်း သိတတ်တယ်။ ဘာသာရေးလည်း လုပ်ပါတယ်။ သူ့ဘာသာ သီချင်းတွေ ဆိုပြီး သူများမြှောက်ပေးရင် လုပ်တယ်”
“သူ့ကို ချွန်တဲ့သူကလည်း ရှိတယ်။ Facebook မှာ ပေါက်ကရတွေ တင်ကြတယ်။ ထောင်ကျတယ်တွေ တင်တယ်။ သူ့လုပ်ရက်တွေကြောင့် မုန်းချင်ရင် မုန်းပါ။ ခြိမ့်ကေကို အကြောင်းသိချင်တယ် မေးချင်တယ်ဆို ကျနော့်ကိုပဲ မေး၊ ကျနော် အဓိက အစအဆုံး သိတယ်။ ကျနော်နဲ့ အဆက်အသွယ် ရှိတယ်”လို့ ဒိန်းဒေါင်က ဧရာဝတီကို ပြောပါတယ်။
ခြိမ့်ကေကိုရဲ့ စိတ်သဘောထားအကြောင်းကိုလည်း ဒိန်းဒေါင်က အခုလိုပဲ ဆိုပါတယ်။
“သူက သူပြောချင်တာတွေ ပြောတတ်တာ။ ပြား ၉၀ လောက်ပဲ ရှိတယ်။ အဲ့ဒါ သူ့ကို နှိမ်ပြောတာ မဟုတ်ဘူး။ ယုန်လေးတို့တောင် ခြိမ့်ကေကို ရိုးသားတာကို ရေးပြီး ပြောထားတယ်။ ခြိမ့်ကေကိုက သနားဖို့ ကောင်းတယ်။ သူဒီလို ဖြစ်နေချိန်မှာ ငါသာဒီလို ဖြစ်နေရင်ဆိုတဲ့ စိတ်နဲ့ ဝိုင်းဝန်း ကူညီပေးပါ။ မေတ္တာပို့ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်”လို့ ဒိန်းဒေါင်က ဆိုပါတယ်။
ဟာသသရုပ်ဆောင် ဒိန်းဒေါင်ကတော့ လူရွှင်တော်အသင်းရဲ့ ဥက္ကဋ္ဌအနေနဲ့ တာဝန် ထမ်းဆောင်နေပြီး ကိုဗစ်ကာလ အတွင်းမှာလည်း အလှူအတန်းတွေ လုပ်ဖို့အတွက် “ချွန်တွန်း” ပရဟိတအသင်းကို တည်ထောင်ထားပါတယ်။
You may also like these stories:
ဇန်နဝါရီလအတွင်း မွေးနေ့ရှိုး လုပ်မယ့် အဆိုတော် ရဲလေး
အဆိုတော် လေးဖြူနဲ့ အငဲ ဖျော်ဖြေမယ့် “Stay Home” Live Concert
ဒဏ်ရာဟောင်းတွေကို ပြန်လည် ခံစားနေရတဲ့ မင်းသားကြီး ဂျက်ကီချန်း